News

POST TYPE

LATEST NEWS POST

ကျပ်သိန်းပေါင်း ၃ သိန်းခန့် တန်ဘိုးရှိ ICE မူးယစ်ဆေးများ ပင်လယ်ပြင်မှ တွေ့ရှိ
17-Oct-2019


ပုသိမ်၊ အောက်တိုဘာလ ၁၇

ဖျာပုံမြို့နယ်၊ အမာမြို့၊ အရှေ့ဖျားရွာမှ ရေမိုင် ၁၅မိုင်အကွာ ပင်လင်ပြင်တွင် မျောပါလာသည့် ကျပ်သိန်းပေါင်း ၃ သိန်းခန့် တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ အောက်တိုဘာ ၁၆ ရက်က တွေ့ရှိ၊ သိမ်းဆည်းခဲ့ကြောင်း အမာနယ်မြေရဲစခန်းထံမှ သိရသည်။

အဆိုပါကျေးရွာနေ ရေလုပ်သား ၆ ဦး ငါးဖမ်းထွက်စဉ် ပင်လယ်ပြင်တွင်မျောနေသော ယင်းမူးယစ်ဆေးဝါးအထုပ်များကို တွေ့သဖြင့် ငါးဖမ်းစက်လှေပေါ်သို့ တင်ဆောင်ကာ၊ သယ်ယူလာပြီး ရေလုပ်ငန်းရှင်ထံ ကနဦးအပ်နှံခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် ဖွင့်ဖောက်စစ်ဆေးရာမှ မသင်္ကာဖွယ် ပုံဆောင်ခဲများတွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားပြီး လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ICE ပုံဆောင်ခဲပါသည့် ပီနံအိတ် ၂၅ လုံးခန့်အတွင်းမှ ကျပ်သိန်းပေါင်း ၃ သိန်းခန့် တန်ဖိုးရှိသည့် အဖြူရောင်ပုံဆောင်ခဲ 1 kg ပါအထုပ် ၆၅၀ ခန့်ကို တွေ့ရှိ၊ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သိမ်းဆည်းသက်သေခံပစ္စည်းမှတ်တမ်းအရ သိရသည်။

သိမ်းဆည်းရမိသော ICE ဟုယူဆရသော မူးယစ်ဆေးဝါးများနှင့်ပတ်သက်၍ အမာနယ်မြေရဲစခန်းတွင် တားမြစ်မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော တရားမဝင် ဆေးဝါးပုဒ်မ ၁၉/ကဖြင့် အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-12




  • VIA