News

POST TYPE

LATEST NEWS POST

ဆလုံတိုင်းရင်းသားများ ကြုံနေရသည့် အခက်အခဲများကို နိုင်ငံတော်သမ္မတထံ တင်ပြမည်
15-Oct-2019

ဓာတ်ပုံ - Dawei Watch


ဘုတ်ပြင်း၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ် လငန်းကျွန်းရှိ ဆလုံတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် အခက်အခဲများကို နိုင်ငံတောသမ္မတထံ အစီရင်ခံစာတင်ပြမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောသည်။

ဦးအောင်နိုင်ဦးနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသည် လငန်းကျွန်းရှိ ဆလုံကျေးရွာသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

လငန်းကျေးရွာနေ ဆလုံတိုင်းရင်းသားများ အစဉ်အဆက် လုပ်ကိုင်စားသောက်နေသည့် ကျွန်း ၅ ကျွန်းအနက် အမေအော်ကျွန်းနှင့် နွားလဘို့ကျွန်းကို မြန်မာတာဆာကီကုမ္ပဏီမှ ပုလဲမွေးမြူရေး လာရောက်လုပ်ကိုင်လိုက်သည့်အတွက် ဒေသခံဆလုံလူမျိုးများ စားဝတ်နေရေး အခက်အခဲကြုံနေရကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။

ပုလဲလုပ်ကွက်များမှာ ဆလုံတိုင်းရင်းသားများ ငါး၊ ကင်းမွန်၊ ခရုတို့ ရှာဖွေသည့်နေရာများနှင့် ထပ်တူကျနေသည့်အတွက် စားဝတ်နေရေးအခက်အခက်များ ကြုံတွေ့လာရသည့် ဆလုံတိုင်းရင်းသားအချို့က ဆိုသည်။

“နိုင်ငံတော်သမ္မတရုံးကိုတော့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေအမှန် အကုန်လုံးကို တင်ပြသွားမှာပါ”ဟု ဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိင်ငံသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု ပုံသဏ္ဍန်အလုံးစုံ ပပျောက်ရေး အပြည်ပြည်ဆိုင်ရာ ကြေငြာစာတမ်း၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများစာတမ်းများကို လက်မှတ်ရေးထိုးထားသည့်အတွက် လူမျိုးတစ်မျိုး၏ နေထိုင်ရှာဖွေစားသောက်မှု အခွင့်အရေးများနှင့် ယဉ်ကျေးမှုဓလေ့စရိုက်များ ပျက်စီးသွားစေသည့်အချက်ကို စီးပွားရေးရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဦးအောင်နိင်ဦးက ဆိုသည်။

“လူမျိုးစုတစ်ခုလုံးတုန်းမှာနဲ့ ပုလဲကရတဲ့ အခွန်နဲ့လဲမလား ဆိုတဲ့ဟာကိုတော့ သက်ဆိုင်ရာပြည်ထောင်စု အစိုးရအဆင့်က ဆုံးဖြတ်ရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

မြိတ်ကျွန်းစုတွင် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသည့်အနက် မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းရှိ ကျွန်း ၁၀ ကျွန်းတွင် ဆလုံတိုင်းရင်းသား ၁၇၀၀ ခန့်နေထိုင်နေကြပြီး ပုလဲမွေးမြူသည့် ကုမ္ပဏီများ၏ တစ်ဖြည်းဖြည်း နေရာချဲ့ထွင်လာမှုကြောင့် ဆလုံတိုင်းရင်းသားများ နေ့စဉ်ဝမ်းစာရှာဖွေရေး ခက်ခဲလာကြောင်း ဆလုံတိုင်းရင်းသားတို့ထံမှ သိရသည်။

Dawei Watch


  • VIA