News

POST TYPE

LATEST NEWS POST

ပုဂ္ဂလိကဘဏ်များက ခြောက်လအတွင်း အာမခံဖြင့် ကျပ် ၂၄,၀၀၀ ဘီလီယံကျော် ထုတ်ချေးထား
22-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၂

ပြည်တွင်း ပုဂ္ဂလိကဘဏ်များက ၂၀၁၈ ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွင်း အာမခံဖြင့် ချေးငွေ ကျပ် ၂၄,၀၀၀ ဘီလီယံကျော် ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည့် ၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းစုစုပေါင်း ချေးငွေ ၂၉ ဒသမ ၉ ရာခိုင်နှုန်းမှာ စာရင်းသေအပ်ငွေ အာမခံဖြင့် ချေးထားခြင်းဖြစ်ပြီး လူပုဂ္ဂိုလ်အာမခံဖြင့် ၁၄ ဒသမ ၄ ရာခိုင်နှုန်းကျော်နှင့် အာမခံမဲ့ဖြင့် ၁၇ ဒသမ ၃၉ ရာခိုင်နှုန်းအထိ ထုတ်ချေးထားကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါ ခြောက်လအတွင်း မြေနှင့် အဆောက်အအုံအာမခံဖြင့် ကျပ် ၂ ဘီလီယံကျော်၊ ရေနှင့် ရေထည်ပစ္စည်းအာမခံဖြင့် ကျပ် ၂ ဒသမ ၇ ဘီလီယံကျော်၊ စာရင်း သေအပ်ငွေအာမခံဖြင့် ကျပ် ၇ ဒသမ ၂ ဘီလီယံကျော်၊ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း အာမခံဖြင့် ကျပ် ၃ ဒသမ ၄ ဘီလီယံကျော်၊ အထွေထွေအာမခံဖြင့် ကျပ် ၃ ဒသမ ၂ ဘီလီယံကျော်၊ အာမခံမဲ့ဖြင့် ကျပ် ၄ ဒသမ ၂ ဘီလီယံကျော်၊ အိမ်ရာချေးငွေ အာမခံဖြင့် ကျပ် ၆၄၁ သန်းကျော်နှင့် SME များအတွက် ကျပ် ၅၁ သန်း ထုတ်ချေးထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘဏ္ဍာနှစ်အကူးအပြောင်းကာလ ခြောက်လအတွင်း ပြည်တွင်းပုဂ္ဂလိက ဘဏ်များသည် အပ်ငွေ ကျပ် ၃၁,၀၀၀ ဘီလီယံကျော် လက်ခံရရှိထားပြီး ယခင်ဘဏ္ဍာနှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ကျပ် ၄ ဒသမ ၅ ဘီလီယံ ပိုမိုရရှိထားကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ပြင် ၂၀၁၈ ဘဏ္ဍာနှစ် အကူးအပြောင်းကာလတွင် နိုင်ငံခြားဘဏ်ခွဲ ၁၃ ခုမှ အပ်ငွေ ကျပ် ၄ ဒသမ ၁ ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူထက် ကျပ် ၆၉၇ သန်းကျော် ပိုမိုရရှိထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်

ဘဏ်လုပ်ငန်းဈေးကွက်၏ ၅၇ ဒသမ ၆၇ ရာခိုင်နှုန်းကို ပြည်တွင်းပုဂ္ဂလိကဘဏ်များက ပိုင်ဆိုင်ထားပြီး နိုင်ငံခြားဘဏ်များက ၁၁ ဒသမ ၁၉ ရာခိုင်နှုန်းနှင့် နိုင်ငံပိုင်ဘဏ်များက ဈေးကွက်၏ ၃၁ ဒသမ ၁၄ ရာခိုင်နှုန်း ပိုင်ဆိုင်ထားကြောင်း အဆိုပါစစ်တမ်းဖော်ပြချက်အရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်