News

POST TYPE

LATEST NEWS POST

ပုဂံရှေးဟောင်း အဆောက်အအုံများကို ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ပူးပေါင်းသန့်ရှင်းရေးပြုလုပ်မည်
22-Sep-2019


မန္တလေး၊ စက်တင်ဘာ ၂၂

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) နှင့် ပထမဆုံးအကြိမ်ပူးပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သာသနိကအဆောက်အအုံများ သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ပုဂံဘုရားများ အလှူငွေဖြင့် ဇုန်ဧရိယာ အပိုင်း ၄ ပိုင်း သတ်မှတ်ပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိကြောင်း၊ ထိုဧရိယာများကို တစ်နှစ်လျှင် တစ်ကြိမ်မျှသာ သန့်ရှင်းရေးဆောင်ရွက်နိုင်ကြောင်း ယင်းဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

“သူတို့ကတော့ အမြဲတမ်းလုပ်ချင်တာပေါ့။ ဧည့်သည်တွေလာရင်လည်း ပြချင်တာပေါ့။ တကယ်ဆို တစ်နှစ်ကို လေးကြိမ်လောက်လုပ်သင့်တာ။ ကျွန်တော်တို့လုပ်တဲ့အချိန်မှာ သူတို့တွေဝင်ရင်တော့ ကောင်းတာပေါ့”ဟု ၎င်းကပြောဆိုသည်။

ပုဂံရှိ သာသနိကအဆောက်အအုံများ သန့်ရှင်းရေးပြုလုပ်နိုင်ရန်အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတို့ စက်တင်ဘာလ တတိယပတ်အတွင်း တွေ့ဆုံဆွေနွေးမှုများ ပြုလုပ်နေကြောင်း၊ UMTA က သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် ဘုရားအစု ၁၉ စုကို ရှာဖွေပေးထားကြောင်း၊ ယင်းတို့အနက် ဘုရားအစုသုံးစုကို သန့်ရှင်းရေးဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

“ဒါကတော့ ရန်ကုန်နဲ့ ပုဂံနဲ့ပေါင်းပြီး လုပ်တာဖြစ်ပါတယ်။ မန္တလေးအနေနဲ့လည်း ပါမယ်။ အင်အားတော့ သူတို့ မတောင်းသေးဘူး”ဟု မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးရီက ပြောကြားသည်။

လက်ရှိတွင် ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) တို့ သန့်ရှင်းရေးဆောင်ရွက်နေသည်။

မြတ်မင်း