News

POST TYPE

LATEST NEWS POST

ရွေးကောက်ပွဲတွင် ရိုးရိုးသားသား ယှဉ်ပြိုင်မည်ဟု မန္တလေးတိုင်း USDP ဆို
22-Sep-2019


မန္တလေး၊ စက်တင်ဘာ ၂၁

လာမည့် ၂၀၂၀ အထွေထွေရွေး ကောက်ပွဲတွင် မဟုတ်မမှန်သည့် နည်းလမ်းများဖြင့် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ရိုးရိုးသားသားသာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပြောဆိုသည်။

ပါတီ၏ ပဉ္စမအကြိမ် စုံညီ ညီလာခံကျင်းပခဲ့သည့် အခြေအနေများနှင့် ပတ်သက်သည့် အကြောင်းအရာများကို သတင်းမီဒီယာများထံ ရှင်းလင်းတင်ပြသည့် အခမ်းအနားကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းက ကျင်းပစဉ် အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ရွေးကောက်ပွဲအတွက် ဘယ်လို တွေပြင်ဆင်နေတယ်ဆိုတာကိုတော့ ဒီအချိန်မှာ မထုတ်ပြန်နိုင်သေးပါဘူး။ အားကစားယှဉ်ပြိုင်သလိုပဲ ကိုယ့်အသင်းရဲ့ နည်းစနစ်တွေကို ချမပြသလိုပါပဲ”ဟု လက်ရှိ မိတ္ထီလာမြို့မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သည့် ၎င်းက ပြောဆိုသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကိုလည်း လျာထားရွေးချယ်ထားပြီဖြစ်ပြီး အရေအတွက်ကို ထုတ်ပြန်ပေးနိုင်ဦးမည် မဟုတ်ကြောင်း၊ ယင်းလျာထားသူများသည်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းအရည်အချင်း သတ်မှတ်ချက်များ ထုတ်ပြန်လာခြင်း မရှိသေးသည့်အတွက် ၂၀၁၅ ရွေးကောက်ပွဲ သတ်မှတ်ချက်များအတိုင်း လျာထားပြီး အပြောင်းအလဲဖြစ်နိုင်သေးကြောင်း ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် USDP ပါတီသည် မန္တလေးတိုင်း ဒေသကြီးမှ ရမည်းသင်း၊ မိတ္ထီလာနှင့် ပျော်ဘွယ်မြို့နယ်တို့တွင် အနိုင်ရရှိခဲ့သော်လည်း အခြားမြို့နယ်များတွင် ရှုံးနိမ့်ခဲ့သည်။

M-04


  • VIA