News

POST TYPE

LATEST NEWS POST

မော်ဒိုက်သည် တရုတ်ကြွေးမြီနွံအတွင်း နစ်နေခြင်းမရှိဟု တရုတ်နိုင်ငံပြောကြား
22-Sep-2019



ဘေဂျင်း၊ စက်တင်ဘာ ၂၁

မော်ဒိုက်နိုင်ငံသည် တရုတ်နိုင်ငံ၏ ကြွေးမြီနွံအတွင်း နစ်မြုပ်နေခြင်းမရှိဟု တရုတ်အစိုးရ တာဝန်ရှိသူတစ်ဦးက အလည်အပတ် ရောက်ရှိနေသော မော်ဒိုက် နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အိန္ဒိယသမုဒ္ဒရာအတွင်းရှိ မော်လ်ဒိုက်ဗ်ကျွန်းစုသည် ဘေဂျင်းလိုလားသော ခေါင်းဆောင် အဗ္ဗဒူလာယာမင် အုပ်ချုပ်ခဲ့သောကာလတွင် အိန္ဒိယနှင့် တရုတ်အကြားမှ ဩဇာလွှမ်းမိုးရေးတိုက်ပွဲအတွင်း ပိတ်မိနေခဲ့ပြီး ဘေဂျင်းထံပေးရန် အကြွေး ဒေါ်လာ ၃ ဘီလီယံ တင်ရှိနေသည်ဟု စိုးရိမ်ဖွယ်ရာသတင်းများ ထွက်ပေါ်လျက်ရှိသည်။

မော်ဒိုက်တွင် ဧပြီလအတွင်းက ကျင်းပသောရွေးကောက်ပွဲ၌ အနိုင်ရကာ အာဏာရရှိလာခဲ့သော ဒီမိုကရေစီပါတီ အစိုးရက တရုတ်ကြွေးမြီဒေါ်လာ ၃ ဘီလီယံအထိ မြင့်တက်နေခြင်းနှင့် စီးပွားရေး ပြိုလဲသွားမည့်အရေးကို စိုးရိမ်ပူပန်နေခြင်း ဖြစ်သည်။

ဘေဂျင်းတွင် မော်ဒိုက်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာရှာဟစ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံတော်ကောင်စီဝင် ဝမ်ယီက မော်ဒိုက်တွင် အစိုးရပြောင်းသွားသော်လည်း တရုတ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ ပြောင်းလဲမည်မဟုတ်ဟု ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေဟာ နိုင်ငံရေးရည်မှန်းချက်တွေ၊ ပထဝီနိုင်ငံရေး အကျိုးစီးပွားတွေ မပါဝင်ဘဲ မော်ဒိုက်ပြည်သူတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ရည်ရွယ်တာဖြစ်ပါတယ်” ဟု ဝမ်ယီက ဆိုသည်။

တရုတ်နိုင်ငံသည် နိုင်ငံရေးဆိုင်ရာ ကြိုတင်သတ်မှတ်ချက်များမပါသော အကူအညီများကို တတ်နိုင်သလောက် ပေးအပ်သွားမည်ဖြစ်ပြီး မော်ဒိုက် ပြည်တွင်းရေးကိစ္စများကိုလည်း ပါဝင်စွက်ဖက်မည်မဟုတ်ဟု ဝမ်ယီက ပြောကြားသည်။

ရှာဟစ်ကလည်း မော်ဒိုက်အား အထောက်အပံ့နှင့် ချေးငွေ ရက်ရက်ရော ရောပေးသောနိုင်ငံ မရှိကြောင်း၊ ထို့ကြောင့် ကြွေးမြီထောင်ချောက်ဟူ၍လည်း မရှိကြောင်း၊ ထိုသို့ပြောဆိုမှုသည် အဓိပ္ပာယ် မရှိကြောင်း ပြန်လည်ပြောကြားသည်ဟု တရုတ်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် နွမ်းပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများအား ၎င်းတို့ ပြန်မဆပ်နိုင်လောက်သော ချေးငွေများကို အဆက်မပြတ်ပေး၍ ဝန်ပိစေပြီးမှ နိုင်ငံရေးအရ လွှမ်းမိုးမှုပြုလုပ်ရန် အားထုတ်နေသည်ဟု အနောက်အုပ်စုနိုင်ငံများက ပြစ်တင်ဝေဖန် ထောက်ပြနေကြသည်။

တရုတ်နိုင်ငံကမူ ၎င်း၏ချေးငွေများသည် များစွာကြိုဆိုထိုက်သော၊ များစွာလိုအပ်နေသော ရန်ပုံငွေများဖြစ်သည်ဟု ကာကွယ်ပြောဆိုလေ့ရှိသည်။ ထို့ပြင် အဆိုပါချေးငွေများသည် နိုင်ငံရေးအရ ကြိုတင်စည်းကမ်းသတ်မှတ်ချက် မထားသည့် ပိုက်ဆံများဖြစ်ပြီး အနောက်အုပ်စု အလှူရှင်များ လျစ်လျူရှုထားသည့်နေရာများသို့ ပေးအပ်နေခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံက ပြောကြားသည်။ 

F-04