News

POST TYPE

LATEST NEWS POST

ပုဂ္ဂလိက သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကူညီမည်ဟု ပြန်ကြားရေးဝန်ကြီးပြော
21-Sep-2019

ရန်ကုန်၊ စက်တင်ဘာ  ၂၁

ပုဂ္ဂလိကသတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပုဂ္ဂလိက သတင်းစာများ ရေရှည်ရပ်တည်ရေးအတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက် လုပ်ငန်းရှင်များအသင်း ပထမအကြိမ်တွေ့ဆုံပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တွေ့ဆုံခဲ့သူများက ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့တွေ့ဆုံရာတွင် သတင်းမီဒီယာကဏ္ဍ အခက်အခဲများနှင့်ပတ်သက်ကာ ဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိက သတင်းစာများ ရေရှည်ရပ်တည်ရေးအတွက် သတင်းစာတိုက်အချင်းချင်း အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် တစ်ယောက်၏အခက်အခဲကို အများဖြင့် ပူးပေါင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ဒီမိုကရေစီတူဒေးသတင်းစာမှ တာဝန်ရှိသူဦးကိုကို (စက်မှုတက္ကသိုလ်)ကပြောကြားသည်။

“ပြန်ကြားရေးဝန်ကြီးဌာနကို အသင်းရဲ့ရည်ရွယ်ချက်တွေ၊ ဘာတွေလုပ်မလဲဆိုတာ ရှင်းလင်းပြောကြားတယ်။ အသင်းက အသစ်မို့ ကိုယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ရှင်းပြတာပါ”ဟု ၎င်းကဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပုဂ္ဂလိကသတင်းစာများ ရပ်တည်ရေးအတွက် တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးသွားမည်ဟု ပြောကြားခဲ့သည့်အပေါ် အသင်းအနေဖြင့် အားရကျေနပ်မှုရှိကြောင်း မြန်မာတိုင်းမ်သတင်းစာတိုက်ပိုင်ရှင်ဖြစ်သူ ဦးသိန်းထွန်းကပြောကြားသည်။

“ပုဂ္ဂလိကသတင်းစာတွေ ရပ်တည်ဖို့ ခက်ခဲနေတဲ့အချိန်မှာ တတ်နိုင်သမျှပူးပေါင်းပြီး ကြိုးစားအားထုတ်တာကို ဝန်ကြီးကလဲ အသိအမှတ်ပြုတဲ့သဘောပေါ့၊ အရင်တုန်းကဆို စံတော်ချိန်ဆို စံတော်ချိန်၊The Voice ဆို The Voice ပေါ့၊ ကိုယ့်တိုက်အနေနဲ့ ရှင်သန်ရပ်တည်နိုင်အောင် ကြိုးစားတယ်။ အခုကတော့ အဲဒီလိုမဟုတ်ဘဲနဲ့ တစ်စုတစ်စည်းထဲ ပူးပေါင်းပြီးတော့ ဝိုင်းဝန်းပြီးတော့ လုပ်ကြမယ်ဆိုတော့ ဝမ်းသာပါတယ်။ ဝန်ကြီးကလဲ တတ်နိုင်သမျှ ကူညီပေးမယ်လို့ ပြောပါတယ်”ဟု စံတော်ချိန်သတင်းစာတိုက်ပိုင်ရှင်ဖြစ်သူ ဦးကိုကိုလေးက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံသတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များအသင်း ပထမအကြိမ်တွေ့ဆုံပွဲကို စက်တင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ဗဟိုပုံနှိပ်စက်ရုံ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြသည်။

မြန်မာနိုင်ငံ သတင်းစာ ထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များအသင်းသည် ၂၀၁၉၊ ဩဂုတ် ၈ ရက်တွင် တရားဝင်ဖွဲ့စည်းခွင့်ရထားပြီး ယင်းအသင်းဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ လက်ရှိကျဆင်းနေသည့် ပုဂ္ဂလိက သတင်းစာမီဒီယာလောကအား အားလုံး စုစုစည်းစည်းဖြင့် ရေရှည်ရပ်တည်နိုင်ရန် ဖွဲ့စည်ခဲ့ကြသည်။

J-10