News

POST TYPE

LATEST NEWS POST

ဘင်္ဂါလီ ကလေးသုံးဦးကို ပြန်ပေးဆွဲသည့်အဖွဲ့မှ နှစ်ဦးဖမ်းမိ
21-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ်တွင် နေထိုင်သည့် ဘင်္ဂါလီ ကလေးငယ်သုံးဦးကို ရန်ကုန်မြို့သို့ တရားမဝင် ခိုးဝှက်သယ်ဆောင်လာပြီး ကလေးမိသားစုထံ ငွေကျပ်သိန်း ၅၀ ဖြင့် ပြန်လာရွေးခိုင်းသည့်အဖွဲ့မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြန်ပေးဆွဲခံရသည့် ဘင်္ဂါလီကလေးသုံးဦးမှာ အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ်ရှိသူများဖြစ်ပြီး ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရှမ်းတောင်ကျေးရွာတွင် နေထိုင်ကြကာ ပွဲစားအဆက်အသွယ်ဖြင့် ရန်ကုန်မြို့သို့ စက်တင်ဘာ ၁၅ ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ရွာမှပျောက်ဆုံးသွားသည့် ကလေးသုံးဦးအား ကျပ်သိန်း ၅၀ ဖြင့် ပြန်ရွေးယူရမည်ဖြစ်ကြောင်း ကလေးမိသားစုထံ ပြန်ပေးဆွဲအဖွဲ့က ဖုန်းဖြင့်ဆက်သွယ်ခဲ့သောကြောင့် မြောက်ဦးမြို့၊ နန်းကျကျေးရွာတွင် နေထိုင်သည့်အမျိုးသမီးက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် နေထိုင်သည့် ၎င်း၏သမီးထံ ဆက်သွယ်ပြီး အကူအညီတောင်းခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ၅၆ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၄၂ နှစ်အရွယ် အမျိုးသမီးမှာ ပြန်ပေးဆွဲအဖွဲ့မှ ငွေလွှဲပို့ခိုင်းသည့် ဖုန်းနံပါတ်ထံဆက်သွယ်ပြီး စက်တင်ဘာ ၁၈ ရက် ညနေပိုင်းတွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲရှိ ထမင်းဆိုင်တစ်ဆိုင်တွင် ၎င်းနှင့်တွေ့ဆုံရန်ချိန်းဆိုကာ မတွေ့ဆုံခင် ယင်းဖြစ်စဉ်ကိုအဝေးပြေးဝင်းရှိ ရဲကင်းမှူးထံ သွားရောက်တွေ့ဆုံပြီး အကျိုးအကြောင်းရှင်းပြခဲ့သည်။

ရဲကင်းမှူးမှ လူရှင်းသည့် ဇေကမ္ဘာဘုရားအနီးသို့ ပြန်ပေးဆွဲသည့်အဖွဲ့ကို လာရောက်ရန်ချိန်းဆိုခိုင်းခဲ့ပြီး အသွင်ယူ စောင့်ဆိုင်းနေစဉ် မတ်တူးယာဉ်တစ်စီး ရောက်ရှိလာသဖြင့် ဝိုင်းပိတ်ဆို့ဖမ်းဆီးရာ ယာဉ်မောင်းမှ ယာဉ်ထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး အဆိုပါယာဉ်ပေါ်မှ ဘင်္ဂါလီကလေး သုံးဦးနှင့် ပွဲစား မမေဆုသီရိမွန် (၂၇ နှစ်)၊ သန်းဇော်ထွန်း (၂၆ နှစ်)တို့ကို ဖမ်းဆီးရမိခဲ့သည်။

ဖမ်းမိသူနှစ်ဦးကိုစစ်ဆေးရာ အဆိုပါကလေးသုံးဦးကို မင်းဘူးမြို့ရှိ တောလမ်းမှတစ်ဆင့် မော်တော်ယာဉ်ဖြင့်ခေါ်ဆောင်လာပြီး မင်္ဂလာဒုံမြို့နယ်၊ ရွှေနှင်းဆီရပ်ကွက်၊ သစ္စာလမ်းရှိ စည်သူ၏နေအိမ်တွင် ကလေးများကိုထားရှိ၍ ၎င်းတို့၏မိသားစုထံ ဆက်သွယ်ပြီး ကလေးများ ပြန်လည်ရယူလိုပါက ငွေဖြင့်ပြန်လာရွေးယူရန် ပြောဆိုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဘင်္ဂါလီကလေးများကိုထားရှိသည့် ရွှေနှင်းဆီရပ်ကွက်၊ သစ္စာလမ်းရှိ စည်သူ၏နေအိမ်ကို သွားရောက်စစ်ဆေးရာ အသက် ၁၆ နှစ်နှင့် ၂၇ နှစ်အရွယ်ရှိ ဘင်္ဂါလီအမျိုးသားနှစ်ဦးကို ထပ်မံ တွေ့ရှိသဖြင့် ယင်းဘင်္ဂါလီ ငါးဦးကို လဝကမှ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် တရားစွဲဆိုရန် စီစဉ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းအပြင် ပြန်ပေးဆွဲအဖွဲ့မှ ဖမ်းမိသူနှစ်ဦးနှင့် လွတ်မြောက်နေသူများကို မင်္ဂလာဒုံမြို့မ ရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၆၇/ ၃၇၀/ ၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး အမှုကွင်းဆက်တရားခံများကို ထပ်မံ ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03