News

POST TYPE

LATEST NEWS POST

ဘူးသီးတောင်မြို့နယ်ရှိ တပ်မဌာနချုပ်တစ်ခုကို AA ရှော့တိုက်ဒုံးနှင့် ပစ်ခတ်တိုက်ခိုက်
21-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ တပ်မတော် စကခ (၁၅) တပ်မဌာနချုပ်ကို စက်တင်ဘာလ ၂၀ ရက်နေ့က ရှော့တိုက် ဒုံးများ အသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက The Voice သတင်းစာသို့ အတည်ပြုပြောကြားသည်။

အဆိုပါ စကခ (၁၅) တပ်မဌာနချုပ်သည် ဘူးသီးတောင်မြို့နယ် ဝါးခုတ်ချောင်းအနီး တည်ရှိကာ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်းက တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

အဆိုပါ ပစ်ခခတ်မှုသည့် တပ်ရင်းဌာနချုပ်အတွင်း ကျရောက်ခဲ့ခြင်းမရှိဘဲ အဝေးရှိ တောင်ကုန်းများကိုသာ ထိခဲ့ခြင်းအတွက် တပ်မတော်ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ရှင်းပြသည်။

ထို့ပြင် တပ်မတော်အနေနှင့် နယ်မြေရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် AA လက်နက်ကိုင်များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကာ AA လက်နက်ကိုင် ခြောက်ဦး၏ အလောင်းများကို ရရှိခဲ့ကြောင်း တပ်မတော်မှ လေကြောင်းပစ်ကူမှုရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဘာမှထိခိုက်မှုမရှိခဲ့ဘူး။ အလောင်းခြောက်လောင်းရတယ် သေနတ်ငါးလက်ရတယ် ပစ်တာကတော့ အဝေးကနေ ပစ်တာ တပ်မဌာနချုပ်ကို မကျဘူး အဝေးကိုပဲ ကျတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ယင်းတပ်မဌာနချုပ်အတွင်းရှိ အိမ်ထောင်သည်လိုင်းခန်း၊ ရဟတ်ယာဉ်ကွင်းတို့ ထိခိုက်ခဲ့ကာ ကလေးနှစ်ဦး ဒဏ်ရာရကြောင်း ပြောဆိုနေမှုများအပေါ်လည်း ၎င်းက ငြင်းဆိုခဲ့ကာ ထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သတင်းမှားများသာဖြစ်ကြောင်း ပြောကြားသည်။

AA လက်နက်ကိုင် အဖွဲ့အနေနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း မေယုမြစ်အတွင်းက တပ်မတော် စစ်ရေယာဉ်များကို ရှော့တိုက်ဒုံးများ အသုံးပြုကာ ပစ်ခတ်ခဲ့ဖူးသည်။

AA လက်နက်ကိုင်အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့က ယခုနှစ် ဒီဇင်ဘာလကုန်ထိ အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည့် စက်တင်ဘာလ ၂၀ ရက်နေ့ ပထမဦးဆုံးနေ့တွင် ယင်းသို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

J-08


  • VIA