News

POST TYPE

LATEST NEWS POST

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းပေါ်တွင် ညအချိန် ကားများ သွားလာခွင့်မပြု
21-Sep-2019


ကလေး၊ စက်တင်ဘာ ၂၁

ချင်းပြည်နယ်အတွင်းရှိ မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးကားလမ်းဖြစ်သည့် ခိုင်ကမ်း-တီးတိန်-ရိခေါဒါရ် နယ်စပ်ကုန်သွယ်ရေးကားလမ်းပေါ်တွင် ကားများအနေဖြင့် ညအချိန်များတွင် ဖြတ်သန်းသွားလာခွင့်ပြုမည် မဟုတ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ညွှန်ကြားချက်ကို စက်တင်ဘာလ ၁၈ ရက်နေ့က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းကားလမ်းပေါ်တွင် ည ၈ နာရီ အချိန်မှ နံနက် ၅ နာရီအကြား မည်သည့်ကားမျှ သွားလာခွင့်ပြုမည် မဟုတ်ပေ။

ယင်းသို့ ပိတ်ပင်လိုက်ခြင်းသည် ကလေး-ခိုင်ကမ်း-တီးတိန်-ရိဒ် ကားလမ်းတစ်ခုတည်းသာဖြစ်ပြီး ချင်းပြည်နယ်အတွင်းရှိ အခြားကားလမ်းများမှာ ပုံမှန်အတိုင်း သွားလာခွင့်ပြုထားသည်။

ယင်းကားလမ်းပေါ်တွင်မှု လူနာတင်ယာဉ်ကဲ့သို့သော အရေးကြီးကိစ္စများဖြင့် သွားလာပါက သက်ဆိုင်ရာ ရဲစခန်း ဆေးရုံထောက်ခံစာများဖြင့် ခွင့်ပြုမည်ဖြစ်ပြီး ဆိုင်ကယ်များအနေဖြင့် အချိန်မရွေးသွားလာနိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးမှ သိရသည်။

“မိုးရာသီကာလမှာတော့ လမ်းကလည်း ချော်သေးတယ်ဆိုတော့ ညအချိန် သွားလာရင် အန္တရာယ်များလို့ မိုးရာသီကာလမှာ ခွင့်ပြုမှာ မဟုတ်ဘူး”ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးရွှေထီးအိုးက ပြောသည်။

အဆိုပါ ကလေးမြို့မှ ရိခေါဒါရ် နယ်စပ်သို့ ကုန်စည်တင်ဆောင် သွားလာနေကြသောကားများသည် ညပိုင်း မောင်းနှင်ကြပြီး မနက်ပိုင်းနယ်စပ်ဂိတ်ဖွင့်ချိန်အမီ ကုန်စည်များကို အိန္ဒိယနိုင်ငံသို့ တင်ပို့နိုင်ရေး သွားလာနေကြပြီး ညအချိန်သွားလာခွင့်မပြုသည့်အတွက် ကုန်စည်တင်ပို့မှု နှောင့်နှေးသွားမည်ဖြစ်ကြောင်း ကလေး-ရိဒ် ယာဉ်မောင်းများက ပြောကြားသည်။

R-20



  • VIA