News

POST TYPE

LATEST NEWS POST

လူ့အခွင့်အရေးကော်မရှင် အသစ်ပြန်ဖွဲ့ပြီး ဥပဒေကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်ဟုဆို
20-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၉

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် သက်တမ်းသည် စက်တင်ဘာလတွင် ပြည့်မြောက်ပြီဖြစ်သည့်အတွက် ကော်မရှင်အသစ်ကို အမြန်ဆုံးဖွဲ့စည်းပြီး ဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းသင့်ကြောင်း Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

လက်ရှိဖွဲ့စည်းထားသည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) သည် လာမည့် စက်တင်ဘာ ၂၄ ရက်နေ့တွင် သက်တမ်း ငါးနှစ်ပြည့်မြောက်ပြီဖြစ်သည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် အသစ်ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။

“ဥပဒေကို ပြောင်းမယ်ဆို လွှတ်တော်ကပဲရမယ်။ အဲဒီမှာ ဘာစိန်ခေါ်မှုလဲဆိုတော့ အချိန်ကိုက်မှုမရှိဖြစ်နေတယ်။ အဖွဲ့က စက်တင်ဘာမှာ ပြောင်းရတော့မယ်။ အခုမှ ဥပဒေကို ပြောင်းဖို့ လုပ်ဆောင်မယ်ဆိုရင် ဒီလူတွေကို ဆက်ပြီးထားမလား။ ဒါမှမဟုတ် လူကို အရင်ပြောင်း၊ ပြီးတော့ နောက်ထပ် အချိန်သုံးလသတ်မှတ်ပြီးတော့ ဥပဒေပြောင်းပြီးတော့မှ ပြန်ပြီးရွေးမလား ဆိုတာကို တာဝန်ရှိသူနဲ့ ညှိနေတုန်းပဲ”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

လက်ရှိ အဆိုပါ ကော်မရှင်ဖွဲ့စည်းမှု၊ လုပ်ပိုင်ခွင့်များနှင့် ပြဋ္ဌာန်းထားသည့် ဥပဒေသည် ကော်မရှင် ဖွဲ့စည်းရန် စိစစ်ရွေးချယ်သည့် အဖွဲ့တွင် ပါဝင်သူများကအစ လုပ်ပိုင်ခွင့်ကို ပြတ်သားစွာ ပြဋ္ဌာန်းထားခြင်း မရှိသည့်အတွက် အသစ်ပြန်လည်ဖွဲ့စည်းမည့် ကော်မရှင်အဖွဲ့သည် လက်ရှိ ဥပဒေအတိုင်း ဆက်လက်လုပ်ဆောင်နေရမည်ဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့် ပတ်သက်၍ လူ့အခွင့်အရေး လှုပ်ရှားသူများက လူ့အခွင့်အရေးကော်မရှင်၏ လုပ်ဆောင်မှုများကို လွတ်လပ်မှုရှိရန်နှင့် ကော်မရှင်အဖွဲ့ဝင်များသည် အမှန်တကယ် လူ့အခွင့်အရေးဆိုင်ရာ ဗဟုသုတ၊ စိတ်ထားနှင့် သဘောတရားသိသူများကိုသာ ခန့်ထားရန် စသဖြင့် တောင်းဆိုထားကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။

“တကယ်ခံစားနေရတဲ့ အမျိုးသမီးတွေ၊ ကလေးတွေ ဘဝတွေ၊ LGBT ရဲ့ ဘဝတွေကို သူတို့ သေချာနားမလည်ဘူး။ အဲ့ဒါမျိုးကို ထောက်ပြတဲ့အတွက် တကယ်ဆို လူ့အခွင့်အရေးကော်မရှင်ဆိုတာက ကိုယ်ထိမှ နာတာမဟုတ်ဘဲ ကျန်တဲ့သူတွေ ဘယ်လိုမျိုးဖြစ်သင့်သလဲ ဘယ်လိုဖြစ်တယ်ဆိုတာကို သုံးသပ်နိုင်တဲ့ လူ့အခွင့်အရေး နှလုံးသားနဲ့ လူ့အခွင့်အရေး ဗဟုသုတရှိဖို့အတွက် တောင်းဆိုထားတယ်”ဟု ဦးအောင်မျိုးမင်းက ပြောသည်။

လူ့အခွင့်အရေးကော်မရှင် ဥပဒေနှင့် ပတ်သက်၍ ကော်မရှင်ဘက်က ပြန်လည်ပြင်ဆင်ရန် သက်ဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းများ၊ နိုင်ငံတကာ ပညာရှင်များ အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်းဆွေးနွေးပြီးနောက် ပြင်ဆင်သင့်သည့်အချက်များ၊ ပြင်ဆင်ခြင်းများ လုပ်ဆောင်နေခြင်းများရှိကြောင်း ကော်မရှင်က ပြောဆိုထားသည်။ 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင် ဥပဒေကို ပြင်ဆင်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၂၄ ခုဖြင့် ဖွဲ့စည်းထားသည့် MNHRC Reform Working Group က အခန်း ၉ ခန်း၊ ပုဒ်မပေါင်း ၇၀ ကျော်ပါရှိသည့် အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥပဒေထဲက ပုဒ်မပေါင်း ၁၅ ခုကို ပြင်ဆင်ရန် အကြံပေးတိုက်တွန်းထားသည်။ 

အဆိုပါ MNHRC Reform Working Group အနေနှင့် ဥပဒေ ပြင်ဆင်နိုင်ရေးအတွက် ဩဂုတ်လ ၅ ရက်နှင့် ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ဆီက ဥပဒေ ကြမ်းကော်မတီများ၊ နိုင်ငံသားဒီမိုကရေစီနှင့် နိုင်ငံရေးလူ့အခွင့်အရေးကော်မတီ စသည့်တို့နှင့် တွေ့ဆုံကာ ဥပဒေတွင် ပြင်ဆင်ရမည့် အချက်များကို တောင်းဆိုခဲ့သည်။ 

စိုင်းဟန် 



  • VIA