News

POST TYPE

LATEST NEWS POST

တူဗာလူတွင် ဝန်ကြီးချုပ်ပြောင်း၊ ထိုင်ဝမ်အပေါ် အသိအမှတ်ပြုမှု လျော့သွားနိုင်
20-Sep-2019


ဖူနာဖူတီ၊ စက်တင်ဘာ ၁၉

တောင်ပိုင်း ပစိဖိတ်နိုင်ငံငယ် တူဗာလူ လွှတ်တော်တွင် ကြာသပတေးနေ့က ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ခဲ့ရာ ထိုင်ဝမ်အပေါ် အသိအမှတ်ပြုထားသော ဒေသတွင် တရုတ်နိုင်ငံအတွက် ထိုင်ဝမ်ကို ဖယ်ရှားရန် အခွင့်အရေး ရရှိလာနိုင်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ယခုသီတင်းပတ် အစောပိုင်းတွင် ဆော်လ်မွန်ကျွန်းစုနိုင်ငံက ထိုင်ဝမ်ကို သံတမန်အဆက်အသွယ် ဖြတ်တောက်ခဲ့ပြီး နောက် ယခု တူဗာလူ နိုင်ငံရေးတွင် ရုတ်တရက်ပြောင်းလဲမှုက အသိအမှတ်ပြုသူ လျော့ကျနေသည့် ထိုင်ဝမ်အတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

ယခုလအစောပိုင်း အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအတွက် အနိုင်ရခဲ့သော ထိုင်ဝမ်လိုလားသူ ခေါင်းဆောင် အင်နီလီဆိုပိုကာသည် ဝန်ကြီးချုပ်ရာထူးကို ပြန်ရရန် မျှော်လင့်ခဲ့သော်လည်း အမတ် ၁၆ နေရာရှိသော လွှတ်တော်က ကော်ဆီးနာတာနိုကို အစားထိုးရွေးချယ်လိုက်ကြသည်။

မဲခွဲရာတွင် နာတာနိုက ၁၀ မဲ ရရှိပြီး ဆိုပိုကာက ၆ မဲသာ ရရှိခဲ့သည်ဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဆီလာဖာကာက ပြောကြားသည်။

ဩစတြေးလျနိုင်ငံ ပစိဖိတ်ကျွန်းစုများအစီအစဉ်မှ အကဲခတ်လေ့လာသူ ဂျိုနာသန်ပရစ်ကီက “တူဗာလူကို မူဝါဒ ပြန်လည်သုံးသပ်အောင် စည်းရုံးဖို့အတွက် ပိုက်ဆံများများပေးဖို့ မလိုပါဘူး။ ဒီရလဒ် ကြောင့် ထိုင်ဝမ်ကတော့ တုန်လှုပ်နေမှာပါ”ဟု မှတ်ချက်ပေးသည်။

တရုတ်နိုင်ငံသည် ပစိဖိတ်နိုင်ငံငယ်များအား အထောက်အပံ့နှင့် ချေးငွေများ ပိုမိုပေးအပ်ကာ စည်းရုံးလာမှုကြောင့် အလားတူ သံတမန်ဆက်ဆံရေး တိုးမြှင့်နေသည့် အမေရိကန်နှင့် မဟာမိတ်များဖြစ်ကြသည့် ဂျပန်၊ ဩစတြေးလျနှင့် နယူးဇီလန်တို့က ပိုမိုသတိထားလာကြသည်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ တူဗာလူနှင့် ဆက်ဆံရေးတည်ငြိမ်မှုရှိကြောင်း၊ ဝန်ကြီးချုပ်သစ်သည်လည်း ထိုင်ဝမ်သံရုံးနှင့် အနီးကပ်ဆက်ဆံမှု ရှိကြောင်း၊ ထိုင်ဝမ်အနေနှင့် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း သတင်းထောက်များအား ထုတ်ပြန်သည်။

ထိုင်ဝမ်သံအမတ်ကြီး မာ့ခ်ဆူးကလည်း ဘေဂျင်းသည် လွန်ခဲ့သော ၁၀ နှစ်က တူဗာလူကို သိမ်းသွင်းရန် ကြိုးစားခဲ့ရာ အောင်မြင်မှု မရခဲ့ဘဲ ယခုလည်း အနည်းငယ်သာ စွက်ဖက်မှုရှိသည်ဟု ပြောကြားသည်။

“သူတို့ဘက်ကတော့ နည်းပေါင်းစုံနဲ့ ကြိုးစားနေမှာပဲလေ။ တူဗာလူကတော့ အိုကေပါတယ်။ ထိုင်ဝမ်အနေနဲ့ အောက်ခြေကနေ ထိပ်ပိုင်းအထိ ဆက်ဆံရေး ကောင်းပါတယ်”ဟု ပြောကြားသည်။

ထိုင်ဝမ်အနေနှင့် ၂၀၁၉ တွင် တူဗာလူဘတ်ဂျက်သို့ ဒေါ်လာ ၇ သန်း ထည့်ဝင်သွားမည်ဟုလည်း သိရှိရသည်။

လူဦးရေ ၁၂,ဝ၀၀ သာရှိသော တူဗာလူနိုင်ငံသည် နိုင်ငံခြား အထောက်အပံ့အပြင် နိုင်ငံခြား ငါးဖမ်းလုပ်ငန်းများသို့ လိုင်စင်ချပေးရာမှ ရရှိသော ဝင်ငွေအပေါ် မှီခိုနေရသည်။ ထို့ပြင်နိုင်ငံ၏ အွန်လိုင်း ဒိုမိန်းအမည်ကုဒ် tv ကို သဘောကျသောကြောင့် အခကြေးငွေပေးကာ အသုံးပြုနေကြသည့် နိုင်ငံတကာမီဒီယာကုမ္ပဏီများနှင့် ဝက်ဘ်ဆိုက်များထံမှ ရရှိသော ဝင်ငွေကိုလည်း မှီခိုနေရသည်။ 

F-04


  • VIA