News

POST TYPE

LATEST NEWS POST

ဒဂုံဆိပ်ကမ်းတွင် အရက်အမူးလွန်နေသည့် အမျိုးသား ရေမြောင်းထဲ ပြုတ်ကျသေဆုံး
19-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၉

ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၉၀) ရပ်ကွက်တွင် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက အရက်အမူးလွန်နေသည့် အမျိုးသားတစ်ဦး ရေမြောင်းထဲပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေဆုံးသူ အမည်မသိ အသက် ၃၅ နှစ် ဝန်းကျင်ရှိ ရုပ်အလောင်းကို ၉၀ ရပ်ကွက် ပုဏ္ဏမီလမ်းနှင့် ဧရာဝတီလမ်းထောင့်ရှိ လမ်းဘေး အုတ်ခုံရေမြောင်းတွင် တွေ့ရှိခဲ့ပြီး အနီးတွင် “ဇေ” တံဆိပ် အရက်ပုလင်းခွံ တစ်လုံးနှင့် ဖော့ဖိနပ်တစ်ရံကို တွေ့ရှိခဲ့သည်။

“အုတ်ခုံပေါ်မှာ ထိုင်ပြီး အရက်သောက်နေရာက အမူးလွန်ပြီး ရေမြောင်းထဲပြုတ်ကျလို့ ရေနစ်သေဆုံးခဲ့တာပါ။ ပြင်ပဒဏ်ရာ မရှိဘူး”ဟု ရဲအရာရှိက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အရက်အမူးလွန်ပြီး အကြောင်းအမျိုးမျိုးဖြင့် သေဆုံးသူ တစ်ရက်လျှင် နှစ်ဦးခန့်ရှိကာ အရက်ကြောင်ကြောင်၍ မိမိကိုယ်ကိုယ် အဆုံးစီရက်သူ တစ်လလျှင် ၂၀ ဦးခန့်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03