News

POST TYPE

LATEST NEWS POST

မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတကာပါဝင်ရန် လိုအပ်ဟုဆို
18-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၇ 

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာ ပါဝင်မှုကို ချဲ့ထွင်နိုင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၁၇ ရက်က ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံတကာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဆွေးနွေးပွဲအပြီး မီဒီယာများ မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

“မြန်မာနိုင်ငံ အစိုးရအနေနဲ့ရော၊ တပ်မတော်အနေနဲ့ရော၊ လွှတ်တော်တွေအနေနဲ့ရော နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဖို့ လိုပါတယ်။ ဆိုလိုတာက ကုလသမဂ္ဂ၊ EU၊ အမေရိကန်၊ ဂျပန်၊ အိန္ဒိယ ဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပါအဝင် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွေမှာ တရုတ်နိုင်ငံရဲ့ ရှေ့တိုးအရေးပါလာမှုကို ထိန်းကျောင်းနိုင်ဖို့ လျှော့ချနိုင်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်”ဟု ဒေါက်တာ ရန်မျိုးသိမ်းက ဆိုသည်။ 

ထိုသို့ ဆောင်ရွက်နိုင်ရန် တပ်မတော်၊ အစိုးရ၊ လွှတ်တော်နှင့် အရပ်ဘက်အဖွဲ့အစည်းများအကြားတွင် ရေတို၊ ရေရှည် စီမံချက်များ၊ ဗျူဟာများ၊ အစီအစဉ်များ ချမှတ်ကာ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

တတိယအကြိမ်ပင်လုံ ညီလာခံပြီးနောက် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ရပ်တန့်သွားသည့် အခြေအနေမျိုးတွင်ရှိပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်းများရှိသည်။

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့က ဩဂုတ်လအတွင်း ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်အပါအဝင် နေရာအချို့ကို တိုက်ခိုက်မှုများ ဖြစ်ပွားပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ကိုယ်စားလှယ်များ (NRPC) နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ပလောင်လွတ်မြောက်ရေး တပ်ဦး (PSLF)၊ မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီ (MNTJP)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့အကြား အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအဖြစ် ကျိုင်းတုံမြို့၌ ဩဂုတ် ၃၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲပြုလုပ်သည့်နေ့တွင် တပ်မတော်က စက်တင်ဘာ ၂၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ခဲ့ပြီး မကြာမီ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့မှာ တစ်လ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

ထိုသို့ နှစ်ဖက်ကြေညာပြီးနောက် တိုက်ပွဲအချို့ ဖြစ်ပွားခြင်းများရှိသော်လည်း စက်တင်ဘာ ၁၇ ရက်နေ့တွင် ကျိုင်းတုံမြို့၌ ဒုတိယအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအဖြစ် ပြုလုပ်မည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် NRPC နှင့် KIO၊ PSLF၊ MNTJP၊ ULA တို့အပြင် တပ်မတော်သားကိုယ်စားလှယ်များပါ ပါဝင်လာကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ထိုသို့ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရန် Bilateral အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုခြင်းနှင့် NCA လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာရန် မကြာခဏ အလွတ်သဘော တွေ့ဆုံမှုများ၊ ပုံမှန်တွေ့ဆုံမှုများ ပြုလုပ်နိုင်ရန် တွေ့ဆုံဆွေးနွေးမှု တံခါးဖွင့်ထားရန် လိုအပ်ကြောင်း တိုင်းရင်းသားရေးရာ သုတေသီ ဦးမောင်မောင်စိုးက သုံးသပ်ပြောကြားသည်။

“တွေ့ဆုံဆွေးနွေးမှုတွေက တံခါးဖွင့်ထားဖို့လိုတယ်။ လောလောဆယ်မှာ မပြေလည်သေးလို့ တိုက်ပွဲဖြစ်တာက တစ်ပိုင်းပေါ့။ တွေ့ဆုံဆွေးနွေးမှု တံခါးကို မပိတ်ထားဖို့ လိုတယ်။ ဥပမာ- ကေအိုင်အေနဲ့ တိုက်ပွဲဖြစ်တဲ့ ကာလတုန်းက တွေ့ဆုံဆွေးနွေးတယ် မပြေလည်ဘူး။ ဒါပေမဲ့ တွေ့ဆုံဆွေးနွေးမှု တံခါးဖွင့်ထားတဲ့အခါကျတော့ ၂၀၁၈ နှစ်လည်ကနေ အခုအချိန်အထိ ဘာဘိုင်လစ်ထရယ်မှာ မရေးထားပေမယ့် တိုက်ပွဲမဖြစ်တဲ့ အနေအထားရှိတယ်။ အဓိက အချက်က တွေ့ဆုံဆွေးနွေးမှုတံခါး ဖွင့်ထားဖို့ လိုပါတယ်။ နောက် အလွတ်သဘော တွေ့ဆုံမှုတွေ များများလုပ်မယ်ဆိုရင် နားလည်မှုတွေ ပိုရလာမှာဖြစ်ပါတယ်”ဟု ဦးမောင်မောင်စိုးက ပြောသည်။

တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းများ ကြေညာထားသည့်ကြားမှ စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက မြန်မာ့ တပ်မတော်နှင့် TNLA တို့ နမ့်ဆန်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားပြီးနောက် စက်တင်ဘာလ ၁၆ ရက်နေ့ စာရင်းများအရ တိုက်ပွဲရှောင်ပြည်သူ ၁၂၀၀ ကျော်ခန့်သည် ဘေးကင်းလွတ်ရာနေရာများရှိ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီ ခိုလှုံနေရကြောင်း UNOCHA Myanmar ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

စိုင်းဟန်


  • VIA