News

POST TYPE

LATEST NEWS POST

စည်ပင်အပေါ် လူထုသဘောထားစစ်တမ်း မကွေးတိုင်း မြို့ ၄ မြို့တွင် ကောက်ယူ
17-Sep-2019

ချောက်၊ စက်တင်ဘာ ၁၇

မကွေးတိုင်း ချောက်၊ ပခုက္ကူ၊ မင်းဘူးနှင့် အောင်လံမြို့ခံများထံမှ စည်ပင်အပေါ် လူထုသဘောထားစစ်တမ်းကို မန္တလေးအခြေစိုက်ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းက ကောက်ယူနေပြီး တွေ့ရှိချက်များကို တိုင်းအစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ချောက်မြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မြို့နယ်စည်ပင်တာဝန်ရှိသူများနှင့် ဒေသခံများပါဝင်သော စကားဝိုင်းတစ်ခုကို ယင်းအသင်းက ပြုလုပ်ပေးခဲ့ပြီးနောက် စည်ပင်အပေါ် လူထုသဘောထားစစ်တမ်းကို ချောက်တွင် ပထမဆုံးကောက်ယူခဲ့ပြီး ကျန်ရှိသည့်မြို့နယ်များတွင် စကားဝိုင်းပြုလုပ်ပြီး ဆက်လက်ကောက်ယူမည်ဖြစ်သည်။

ချောက်မြို့တွင်ပြုလုပ်သည့် စကားဝိုင်းနှင့်ပတ်သက်၍ ယင်းအသင်းသုတေသန ဒါရိုက်တာ ဦးပြည့်စုံအောင်က “တက်လာသူ တော်တော်များများကို စည်ပင်ကဖြေသွားတယ်။ တချို့လုပ်ပေးနိုင်တဲ့အကြောင်း၊ မလုပ်ပေးနိုင်တဲ့ဟာ၊ အခက်အခဲရှိသေးတဲ့အကြောင်းတွေကို ရှင်းပြသွားပါတယ်။ တက်လာသူတွေကလည်း မေးမြန်းခွင့်ရလိုက်တယ်။ စည်ပင်ကလည်း တတ်နိုင်သလောက် ပြန်ပြီးဖြေသွားတယ်”ဟု ပြောကြားသည်။

စည်ပင်သာယာရေးအဖွဲ့များ၏လုပ်ငန်းများ ကောင်းမွန်ပါက အစိုးရပုံရိပ်ကောင်းမွန်လာခြင်း၊ လူမှုဘဝအဆင့်မြင့် အဆင်ပြေကောင်းမွန်လာသည့်အတွက် စည်ပင်သာယာရေးအဖွဲ့များ၏ လုပ်ငန်းများသည် လူထု အမှန်တကယ် လိုအပ်နေသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ လူထုနှင့် ထိတွေ့ဆက်ဆံမှုများ ကောင်းမွန်လာစေရန် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ချောက်မြို့ခံများက ကျောင်းသားလူထု အမှန်တကယ်သုံးနေသော ရပ်ကွက်အတွင်း လမ်းများကို ချန်ထားပြီး လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လမ်းအရည်အသွေး နိမ့်ကျမှုများရှိနေခြင်း၊ ကားကြီးကွင်းတည်ဆောက်မှု၊ ဈေးနှင့် ဈေးပတ်လမ်းအခြေအနေ၊ ရေနှင့် ရေမီတာကိစ္စ စသည်တို့ကို မြို့နယ်စည်ပင်ထံ တင်ပြခဲ့ကြပြီး မေးမြန်းခဲ့ကြသည်။

စည်ပင်လုပ်ငန်းကဏ္ဍများ၊ သဘောသဘာဝများကို ဒေသခံလူထု ပိုမိုသိရှိနားလည်လာစေရန်၊ စည်ပင်သာယာလုပ်ငန်းများ မူဝါဒချမှတ်ပြီး ဆောင်ရွက်ရာတွင် တာဝန်ရှိသူများက ပြည်သူလူထု၏ အမှန်တကယ်လိုအပ်သည့် အခြေအနေ၊ လူထု၏အသံကို နားလည်၍ အခြေအနေမှန်ကိုသိရှိရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ယင်းအသင်း၏ ပရောဂျက်ဒါရိုက်တာ ဒေါက်တာအောင်မြင့်သိန်းက ရှင်းပြသည်။

နေနိုင်(ချောက်)