News

POST TYPE

LATEST NEWS POST

နာဂဒေသတွင် ကျပ်သန်းသုံးထောင်ကျော်သုံး၍ လမ်း၊ တံတားများတည်ဆောက်မည်
17-Sep-2019
ကလေး၊ စက်တင်ဘာ ၁၇

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကျေးလက်လမ်း၊ တံတားများ တည်ဆောက်ရန်အတွက် လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းသုံး ထောင်ကျော် အသုံးပြုသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

စက်တင်ဘာ ၁၆ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လေရှီးမြို့နယ်လွှတ်တော်အမတ် ဦးကျော်ဌေးက ကျေးလက်လမ်းဦးစီးဌာန ပြည်ထောင်စု၏ ငွေလုံးငွေရင်းခွင့်ပြုငွေ ခွဲဝေရာတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အဘယ်ကြောင့် နည်းနေရသနည်းနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ တိုးမြှင့်ပေးရန်မေးခွန်းကို ဝန်ကြီးကဖြေကြားစဉ် ယင်းသို့ပြောကြားခဲ့သည်။ 

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျေးလက်လမ်း၊ တံတားများတည်ဆောက်ရန် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေ ၉၇၅ ဒသမ ၈၁၄ သန်းနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ ရန်ပုံငွေ ကျပ် ၂၁၀၈ သန်း စုစုပေါင်း ငွေကျပ်သန်း ၃၀၈၃ ဒသမ ၈၁၄ သန်း အသုံးပြု တည်ဆောက်ပေးမည်ဖြစ်ကြောင်း ဝန်ကြီး၏ဖြေကြားချက်အရ သိရသည်။

လွှတ်တော်အမတ် ဦးကျော်ဌေးက “တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ရေးလမ်း၊ တံတားများ တည်ဆောက်ပေးရန် များစွာ လိုအပ်နေပါတယ်။ ဒါပေမဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ နှစ်စဉ်ပြည်ထောင်စု ငွေလုံးငွေရင်းရဲ့ ခွင့်ပြုငွေမှာ မရှိသလောက် ဖြစ်နေပါတယ်။ ယခုဘဏ္ဍာနှစ်မှပဲ ဆောက်လုပ်ရေးလုပ်ငန်း အနည်းငယ်ကိုခွင့်ပြုပေးထားတာ တွေ့ရပါတယ်”ဟု ပြောကြားသည်။

စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်း လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့ကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားပြီး ယင်းဒေသသည် တောင်ကုန်းတောင်တန်းများ ထူထပ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းခြင်းတို့ကြောင့် ဒေသခံတိုင်းရင်းသားများ၏ ဆက်သွယ်သွားလာရေး အခက်ခဲဆုံးဒေသတစ်ခုလည်း ဖြစ်သည်။

R-20