News

POST TYPE

LATEST NEWS POST

ဆော်လ်မွန်ကျွန်းစုများက အသိအမှတ်ပြုမှုကို ထိုင်ဝမ်မှ တရုတ်သို့ပြောင်းလဲ
17-Sep-2019

ဟိုနီယာရာ၊ စက်တင်ဘာ ၁၇

ဆော်လ်မွန်ကျွန်းစုနိုင်ငံက တနင်္လာနေ့တွင် ထိုင်ဝမ်အား သံတမန် အသိအမှတ်ပြု ဆက်ဆံနေမှုကို ရပ်ဆိုင်းကာ တရုတ် နိုင်ငံအား ပြောင်းလဲအသိအမှတ်ပြုလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

အဆိုပါဆုံးဖြတ်ချက်သည် ထိုင်ဝမ်အား အသိအမှတ်ပြုသည့် နိုင်ငံစာရင်းကို လျှော့ချနေသည့် ဘေဂျင်းအတွက် ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်ပြီး ယခုအခါ ထိုင်ဝမ်ကို တရားဝင် အသိအမှတ်ပြု လက်ခံသူ ၁၆ နိုင်ငံသာ ကျန်ရှိတော့သည်။

ဘေဂျင်းကို တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုရန် ဆော်လ်မွန်ကျွန်းစုအစိုးရက ဆုံးဖြတ်လိုက်သည့်သတင်းမှာ မှန်ကန်သည်ဟု ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားသည်။

ပစိဖိတ်ကျွန်းနိုင်ငံတွင် ဖွင့်လှစ်ထားသော ထိုင်ဝမ်သံရုံးကိုလည်း အမြန်ဆုံး ပိတ်သိမ်းမည်ဟု ကြေညာသည်။

ဒုတိယကမ္ဘာစစ်အပြီး တရုတ်ပြည်တွင်းစစ်တွင် ကွန်မြူနစ်တပ်နီများ အနိုင်ရသွားပြီးနောက် ချန်ကေရှိတ်အစိုးရသည် ၁၉၄၉ တွင် ပြည်မကြီးကို စွန့်ခွာတိမ်းရှောင်ကာ ထိုင်ပေကျွန်းတွင် လွတ်လပ်သောထိုင်ဝမ်နိုင်ငံကို ထူထောင်ခဲ့ခြင်းဖြစ်သည်။

တရုတ်ပြည်မကမူ ထိုင်ဝမ်ကို လက်အောက်ခံနယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်လျှင် အင်အားသုံး သိမ်းသွင်းမည်ဟု တစ်သမတ်တည်း ပြောဆိုခဲ့သည်။

ထိုင်ဝမ်ကို တရားဝင် အသိအမှတ်ပြု လက်ခံထားသောနိုင်ငံများမှာ ပစိဖိတ်နှင့် လက်တင်အမေရိကနိုင်ငံငယ်များဖြစ်ကြပြီး ယခုကဲ့သို့ ဆော်လ်မွန်ကျွန်းစု ဖဲ့ထွက်သွားမှုကြောင့် ၁၆ နိုင်ငံသာ ကျန်ရှိတော့သည်။

၂၀၁၆ တွင် ထိုင်ဝမ်သမ္မတ ဆိုင်အင်းဝန် အာဏာရလာပြီးနောက်ပိုင်း သံတမန်ဆက်ဆံမှုကို ဘေဂျင်းဘက်သို့ ရွှေ့သွားသောနိုင်ငံ ၆ နိုင်ငံရှိသည်။

ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဆက်ဝူးက တရုတ်ပြည်မသည် အသိအမှတ်ပြုသည့်နိုင်ငံ တိုးလာရန်အတွက် ဒေါ်လာဒစ်ပလိုမေစီကို အသုံးချနေသည်ဟု စွပ်စွဲပြောဆိုလိုက်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထိုင်ဝမ်အား သံအဆက်အသွယ်ဖြတ်မည့် ဆော်လ်မွန်ကျွန်းစု၏ ဆုံးဖြတ်ချက်ကို များစွာချီးကျူးသည်ဟု ကြေညာချက်ထုတ်ပြန်သည်။

တရုတ်နိုင်ငံသည် ဆော်လ်မွန်ကျွန်းစုတွင် ထိုင်ဝမ်ကို ဖယ်ရှားရေးအတွက် ဒေါ်လာ ၈ ဒသမ ၅ သန်း ဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ်ကို ကမ်းလှမ်းခဲ့ရာ ဆော်လ်မွန်အစိုးရက တရုတ်ဆိုင်ရာမူဝါဒကို သီတင်းပတ်အတန်ကြာ စဉ်းစားသုံးသပ်ခဲ့ပြီးနောက် မဲခွဲရာတွင် ထောက်ခံမဲ ၂၇ မဲ၊ ပျက်ကွက် ၆ မဲဖြင့် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

F-04