News

POST TYPE

LATEST NEWS POST

ရန်ကုန်မြို့တွင် နောက်ဖေးလမ်းကြား ဥယျာဉ် ၃ ခုထပ်ဖွင့်မည်
17-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၇ 

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ဆူးလေဘုရားအနီး နောက်ဖေးလမ်းကြား ဥယျာဉ်သုံးခုကို လာမည့်ဒီဇင်ဘာလတွင် ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒို့အိမ်ထံမှ သိရသည်။

အဆိုပါ နောက်ဖေးလမ်းကြား ဥယျာဉ် ၃ ခုမှာ ပန်းဘဲတန်းမြို့နယ် ၃၂ လမ်းနှင့် ဆူးလေဘုရားလမ်း (အောက်ဘလောက်)၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အောက်ဘလောက်)၊ ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း (အောက်ဘလောက်) တို့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဒို့အိမ် အဖွဲ့မှ Communications Officer မအေးမြတ်သူက ပြောကြားသည်။

“အဲဒီသုံးခုကို YCDC က ရှင်းလင်းပြုပြင်ပြီးတာ တော်တော်ပြီးသွားပြီ။ မိလ္လာ၊ မြောင်းတွေနဲ့ လူလျှောက်မယ့်လမ်းတွေကို အဆင့်မြှင့်တာက ပြီးသလောက်ပြီးနေပြီ။ ဒို့အိမ်ဘက်ကလည်း ရပ်ကွက်နေပြည်သူတွေကို ဆာဗေးကောက်တယ်။ သူတို့ရဲ့ထင်မြင်ချက်ကို တောင်းခံတယ်။ သဘောတူတယ်ဆိုမှ စခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဒို့အိမ်နှင့် သက်ဆိုင်ရာ ရပ်ကွက်ပြည်သူများ၊ သက်ဆိုင်ရာ ရပ်ကွက်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ဆောင်ရွက်နေကြောင်း သိရသည်။

လက်ရှိတွင် နောက်ဖေးလမ်းကြား ဥယျာဉ်ကို ရေရှည်ထိန်းသိမ်ရေးကော်မတီ၊ ရပ်ကွက်နေသူများနှင့် ဒီဇိုင်းပုံဖော်ရန် ဆွေးနွေးခြင်း၊ စစ်တမ်းကောက်ယူခြင်းတို့ ပြုလုပ်နေပြီး ယခုလက်ရှိ ရန်ကုန်မြို့တွင်း မြို့နယ်များဖြစ်သည့် ကျောက်တံတား၊ ပန်းဘဲတန်းနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် ဖွင့်လှစ်ထားပြီးသည့် နောက်ဖေးလမ်းကြား ဥယျာဉ် ၈ ခုအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်စီမံကိန်းကို ၂၀၁၆ ခုနှစ် ဇူလိုင်လမှစတင်၍ စွန့်ပစ်အမှိုက်များနှင့် ညစ်ပတ်ပေကျံနေပြီး အသုံးပြုခြင်း ကင်းမဲ့နေသော နောက်ဖေးလမ်းကြား အခြေအနေမှ နေထိုင်သူများအတွက် ပိုမိုကောင်းမွန်သော နေထိုင်မှု ဘဝပုံစံ ပိုင်ဆိုင်စေရန် သန့်ရှင်းသောအများပြည်သူနေရာအဖြစ် ပြောင်းလဲဆောင်ရွက်ပေးနေကြောင်း ဒို့အိမ်ထံမှ သိရသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်များတွင် ဆွဲဆောင်မှုရှိသော နံရံပန်းချီများ၊ ပြန်လည်ဖန်တီးထားသည့် ဆော့ကစားနိုင်သောနေရာများ၊ စိမ်းလန်းသော ပန်းပင်များနှင့် မြို့ပြလိုအပ်သော ကိရိယာပစ္စည်းများ (Urban Furniture) ပါဝင်လျက်ရှိပြီး လှုပ်ရှားမှု အစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် နေရာများ သန့်ရှင်းတောက်ပအောင် ထိန်းသိမ်းပုံဖော်လျက်ရှိကြောင်းသိရသည်။ 

J-10