News

POST TYPE

LATEST NEWS POST

ဘာသာ၊ သာသနာကို အကြည်ညိုပျက်အောင်ပြုသည့် ရဟန်းသာမဏေများကို အရေးယူမည်
17-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၇

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်း ဘာသာ၊ သာသနာကို အများအကြည်ညိုပျက်အောင်ပြုမူသည့် ရဟန်းသာမဏေများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

ရဟန်းသံဃာအချို့က မူးယစ်နေခြင်းများ၊ အလှူခံနေခြင်းများ တွေ့ရှိလာရသဖြင့် သာသနာတော်ကို စောင့်ရှောက်သည့်အနေနှင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဝိဓူရက မိန့်ကြားသည်။

“သင်္ကန်းဝတ်နဲ့ မူးယစ်နေတာတွေ၊ အလှူခံနေတာတွေပေါ့။ သူတို့က လူ့ဘဝက လာတာဆိုတော့ လူကြောနပ်တယ်။ အပြောအဆိုရဲတယ်။ ဆေးကြောင်ပြီးဝတ်တာတွေ၊ စိတ်ကြောင်ပြီး ဝတ်တာတွေ များနေတယ်ဆိုတော့ ကျုပ်တို့ကလည်း သာသနာကို စောင့်ရှောက်တဲ့အနေနဲ့ လုပ်ကြရတာပါ။ ကိုယ့်သာသနာကိုပေါ့။ ရဟန်းတွေသိရမယ့် တရားတွေ အကုန်လိုက်မေးတယ်။ မေးလို့မှမရဘူးဆိုရင်တော့ လူဝတ်လဲပြီး ရဲလက်အပ်ရမယ်ပေါ့”ဟု ဆရာတော်က ရှင်းပြသည်။

စိစစ်အရေးယူမှုများကို ကျောင်း၊ ကျောင်းတိုက်တာပြင်ပတွင် ဘာသာ၊ သာသနာ အများကြည်ညိုပျက်စေရန်၊ အထင်သေးစေရန် ပြုမူလုပ်ဆောင်နေကြသည့် ရဟန်း၊ သာမဏေများကို စိစစ်အရေးယူသွားမည်ဖြစ်ကြောင်း၊ ကျောင်း၊ ကျောင်းတိုက်တာတွင်း ဖြစ်ပွားသည့်ကိစ္စများကို မြို့နယ်သံဃနာယကအဖွဲ့ ခွင့်ပြုချက် စေခိုင်းချက်များအရသာ ဆောင်ရွက်မည်ဖြစ်ကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

“အသက်ကြီးတာရော၊ ငယ်တာရောပေါ့။ ကျွန်မတို့အနေနဲ့လည်း ဘာမှမစဉ်းစားမိပါဘူး။ နိုင်သလောက်လှူလိုက်တာပါပဲ”ဟု ချမ်းအေးသာစံမြို့နယ် ကျန်းမာရေးရပ်ကွက်အတွင်းမှ ဒေါ်နွယ်က ပြောကြားသည်။

မန္တလေးဘူတာကြီးတွင် စိတ်ကျန်းမာရေးချို့တဲ့၍ ပိုလီယိုရောဂါ စွဲကပ်နေသူ သင်္ကန်းဝတ်ပုဂ္ဂိုလ်တစ်ဦးနှင့် စိတ်ကျန်းမာရေးချို့တဲ့နေသူ ကိုရင်တစ်ပါးကို စက်တင်ဘာလ ၁၁ ရက်နေ့တွင် ဆုံးမဩဝါဒပေးခဲ့ရကြောင်း ချမ်းအေးသာစံမြို့နယ် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

M-05