News

POST TYPE

LATEST NEWS POST

ရန်ကုန်ဘူတာကြီးစီမံကိန်း ဝင်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီပြောင်းလဲ
17-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၇

ရန်ကုန်ဘူတာကြီး ဘက်စုံအဆင့်မြှင့်တင်ရေးစီမံကိန်းတွင် မူလတင်ဒါအောင်မြင်ထားသည့် တရုတ် Sino Great Wall နေရာတွင် ဂျပန်ကုမ္ပဏီ ဆူမီတိုမိုကော်ပိုရေးရှင်းကို အစားထိုး ရွေးချယ်ထားကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

တရုတ် Sino Great Wall ကုမ္ပဏီ ဒေဝါလီခံသွားခြင်းကြောင့် ဆူမီတိုမိုကော်ပိုရေးရှင်းကို အစားထိုးလုပ်ကိုင်ရန်ခွင့်ပြုခဲ့ကြောင်း မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးဘမြင့်က ပြောကြားသည်။

“အခုကိစ္စက ငွေရေးကြေးရေး အခက်အခဲဖြစ်သွားလို့ပါ။ လက်ရှိမှာ အဆင့်လိုက် လုပ်ရမယ့်ဇယားတွေ ရှိသေးတယ်။ ဒီနှစ် ကုန်လောက်တော့ ပြီးနိုင်အောင် ကြိုးစားနေတယ်။ ကုမ္ပဏီအပြောင်းအလဲ ဖြစ်သွားပေမယ့် ထည့်ဝင်မယ့် ရင်းနှီးမြှုပ်နှံမှုပမာဏတော့ မပြောင်းဘူး”ဟု ၎င်းက ပြောဆိုသည်။

အဆိုပါရန်ကုန်ဘူတာကြီး စီမံကိန်းကို ၈ နှစ်အပြီး တည်ဆောက်သွားမည်ဖြစ်ပြီး စုစုပေါင်းမြေဧက ၆၀ ကျော်မှ အဆောက်အအုံများ တည်ဆောက်ခြင်းအတွက် ဧက ၃၀ ကျော်ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း Mottama Development ထံမှ သိရသည်။

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံခန့် ကုန်ကျခံမည့် ယင်းစီမံကိန်းအတွင်း မူလမီးရထားရုံနှင့် ခေတ်သစ်အဆောက်အအုံ ပုံစံများကို အချိုးကျပူးပေါင်းဆောက်လုပ်မည်ဖြစ်ကြောင်း Mottama Development ကုမ္ပဏီထံမှ သိရသည်။

ဘက်စုံစီမံကိန်း (mix-use Development) တွင် ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ဝ၉ သန်း ကျယ်ဝန်းနှင့် ဇုန် ၆ ခုပါဝင်မည်ဖြစ်ပြီး ဇုန်များတွင် အထင်ကရညီနောင်တာဝါရုံးခန်း အဆောက်အအုံများ၊ အိမ်ရာများ၊ ဟိုတယ်များနှင့် ဝန်ဆောင်မှုပါတိုက်ခန်းများ၊ ပန်းခြံနှင့် ပြတိုက်တို့ပါဝင်မည်ဖြစ်ပြီး တည်ဆောက်မှုအတွက် ခန့်မှန်းကြာမြင့်ချိန် ၈ နှစ် ကြာမြင့်ဖြစ်ကြောင်း Mottama Development ကုမ္ပဏီထံမှ သိရသည်။

ယင်းစီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီ ၃၄ ခုကို တင်ဒါခေါ်ယူခဲ့ပြီး ယင်းအထဲမှ စင်ကာပူအခြေစိုက် Oxley Holding ကုမ္ပဏီ၊ ပြည်တွင်းမှ မင်းဓမ္မကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီ Sino Great Wall တို့ ပူးပေါင်းထားသည့် CTDC က တင်ဒါအောင်မြင်ခဲ့ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။  

ပြည့်ဖြိုးမြင့်မွန်