News

POST TYPE

LATEST NEWS POST

ရာသီဥတုပြောင်းလဲမှု၏ မြန်ဆန်မှုအရှိန်သည် ထိပ်လန့်စရာဖြစ်နေကြောင်း သိပ္ပံပညာရှင်များ ပြောကြား
17-Sep-2019

လန်ဒန်၊ စက်တင်ဘာ ၁၆

ယခုနှစ်အတွင်း ရာသီဥတု ပြောင်းလဲမှုနှင့်ဆိုင်သည့် အပူလှိုင်းကဲ့သို့သော အဆုံးစွန်ဖြစ်ရပ်များ ဥရောပတွင် မျှော်မှန်းထားသည်ထက် ပိုမိုနီးကပ်လာနေသည်ဟု အကြီးတန်း သိပ္ပံပညာရှင်တစ်ဦးက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပါမောက္ခ ဆြာဒေးဗစ်ကင်းက အဆုံးစွန်ဖြစ်ရပ်များ အကြိမ်ရေ စိတ်လာမှုကြောင့် ထိပ်လန့်မိကြောင်း ပြောကြားလိုက်ပြီး ယူကေနိုင်ငံအား ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို ဆယ်နှစ်အတွင်း တိုးတက်လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုသည်။

ယူကေ မိုးလေဝသဌာန အကြီးအကဲကမူ ထိပ်လန့်ခြင်းကဲ့သို့သော စကားလုံးများ သုံးနှုန်းမှုသည် ငယ်ရွယ်သူများကို စိတ်သောက ပွားစေနိုင်သည်ဟု ဝေဖန်သည်။

ရာသီဥတုအရေး လှုပ်ရှားသူများကလည်း လူအများသည် ကြောက်လန့်သည့် ခံစားမှုမရှိပါက အရေးတယူမလုပ်ကြကြောင်း စောဒကတက်ကြသည်။

အစိုးရ၏ သိပ္ပံပညာဆိုင်ရာ အကြံပေးအဖွဲ့ အကြီးအကဲဟောင်းဖြစ်သူ ပါမောက္ခဒေးဗစ်ကင်းက “ထိပ်လန့်တယ်ဆိုတဲ့ အသုံးအနှုန်းက ဆီလျှော်ပါတယ်။ ကျွန်တော်တို့က အပူချိန်မြင့်တက်မှုကိုပဲ ခန့်မှန်းခဲ့ကြတယ်။ ဒီလိုအဆုံးစွန်ဖြစ်ရပ်မျိုးတွေ မြန်မြန်ဆန်ဆန် အကြိမ်ရေစိတ်စိတ် ရောက်လာမယ်ဆိုတာကို မမှန်းဆမိခဲ့ကြဘူး”ဟု ဘီဘီစီသို့ ပြောကြားသည်။

ပါမောက္ခကင်း၏ ထိပ်လန့်ဖွယ် ပြောဆိုမှုကို အခြားသိပ္ပံပညာရှင်များစွာကလည်း ထောက်ခံကြသည်။ 

လန်ဒန် အင်ပီရီရယ်ကောလိပ်မှ ရူပဗေဒပါမောက္ခ ဂျိုးဟိတ်ကလည်း “ဒေးဗစ်ကင်း ထိပ်လန့်သွားတယ်ဆိုတာ မှန်တယ်ဗျ။ ကျွန်တော်လည်း လန့်တယ်။ ကျွန်တော်တို့ လေ့လာဆန်းစစ်ရမယ်။ ဘာတွေဖြစ်မှာလည်းဆိုတာ စဉ်းစားရမယ်။ ပြီးရင် သိပ္ပံနည်းကျ ထုတ်ပြန်ပေးရမယ်။ ပြီးရင် လူသားဆန်ဆန် တုန့်ပြန်ဖြေရှင်းကြရမယ်။ ဒီကိစ္စက ထိပ်လန့်စရာပါ”ဟု ပြောကြားသည်။

ကမ္ဘာ့မိုးလေဝသအဖွဲ့ အတွင်းရေးမှူးချုပ် ပက်ထရီတာလတ်စ်ကမူ ကုလသမဂ္ဂ၏ ရာသီဥတုဆိုင်ရာ ရည်မှန်းချက်များကို အပြည့်အဝ ထောက်ခံသည်ဟု ပြောကြားသည်။ 

သို့သော် အစွန်းရောက် စိမ်းလန်းရေး လှုပ်ရှားသူများကိုမူ ၎င်းက ပြစ်တင်ဝေဖန်သည်။

“လူတွေ သိမြင်လာအောင်စည်းရုံးရေးနဲ့ လုံလုံလောက်လောက် ရှင်းပြရေးကိုတော့ ကျွန်တော်လက်ခံပါတယ်။ ဒါပေမဲ့ ငယ်ရွယ်သူတွေ စိတ်ပျက်အားလျော့သွားလောက်အောင် ချဲ့ကားပြောဆိုတာကိုတော့ ရှောင်ရှားသင့်တယ်”ဟု တာလတ်စ်က မှတ်ချက်ပေးသည်။

“ကျွန်တော်တို့ ငယ်ငယ်တုန်းက နျူကလီးယားစစ်ပွဲ ဆိုတာကြီးကို ကြောက်ရွံ့ခဲ့ကြတယ်။ သားသမီး မယူရင်တောင် ကောင်းလိမ့်မယ်လို့ စဉ်းစားခဲ့မိဖူးတယ်။ အနာဂတ်ကို စိတ်ပျက်အား လျော့တာပေါ့”ဟု ၎င်းက ပြောကြားသည်။

၂၀၁၄ ခုနှစ်က ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဉ္စမမြောက် အကဲဖြတ် အစီရင်ခံစာကို ထုတ်ပြန်ခဲ့သော သိပ္ပံပညာရှင် အဖွဲ့အား မေးမြန်းကြည့်သောအခါ ကမ္ဘာကြီး အပူချိန်မြင့်တက်လာမှုကို ခန့်မှန်း၍ ရနိုင်သော်လည်း ယခုနှစ် ဥရောပအပူလှိုင်း ကျရောက်မှုနှင့် လောလောလတ်လတ် နှေးနှေးရွေ့ရင်း များများ ချေမွပစ်ခဲ့သည့် ဟာရီကိန်းဒိုရီယန်တို့ ကဲ့သို့သော အဆုံးစွန်ဖြစ်ရပ်များကို မှန်းဆရေးမှာမူ ခက်ခဲနက်နဲသည်ဟု ၎င်းတို့က တစ်ညီတစ်ညွတ်တည်း ပြောကြားသည်။  

F-04