News

POST TYPE

LATEST NEWS POST

ဟားခါးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူခြင်းမပြုရန် ချင်းလူငယ်အဖွဲ့ ကြေညာချက်ထုတ်
15-Sep-2019
ကလေး၊ စက်တင်ဘာ ၁၅

ဟားခါးမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်စိုက်ထူရန် ချင်းပြည်နယ်အစိုးရအဖွဲ့က စီစဉ်နေခြင်းအပေါ် စိုက်ထူခြင်းမပြုရန်နှင့် ယင်းသို့စိုက်ထူပါက ကန့်ကွက်ကြောင်း ချင်းလူငယ်ကွန်ရက်က စက်တင်ဘာ ၁၅ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။

လူမျိုးကြီးဝါဒကို ဖြန့်ကြက်ရန်ရည်ရွယ်ပြီး ဟားခါးမြို့တွင် ဗိုလ်ချုပ်ကြေးရုပ်တည်ဆောက်ခြင်းကို အပြင်းအထန်ကန့်ကွက်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် ဌာနေတိုင်းရင်းသားများ၏ သဘောထားကိုလျစ်လျူရှုပြီး ဗိုလ်ချုပ်ရုပ်တုများ တည်ဆောက်ခြင်းကြောင့် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားစည်းလုံးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများကို ထိခိုက်လာစေနိုင်ကြောင်း အပါအဝင် အချက် ၇ ချက် ဖော်ပြထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းကွန်ရက် ဗဟိုလုပ်ငန်းကော်မတီအဖွဲ့ဝင် ဆလိုင်းမွန်ဘွေးက “အခုကစပြီး ကန့်ကွက်လိုက်တယ်။ ပြောပြထားပြီးသားပါ။ ကျွန်တော်တို့ စိုးရိမ်တဲ့ဟာတွေ ဒီလိုဒီလို ဖြစ်ပေါ်လာနိုင်တယ်။ အဲဒီတော့ ခင်ဗျားတို့ ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့က နောက်တစ်ဆင့် ထပ်သွားရမယ့်အခြေအနေ ရှိလာမယ်”ဟု ပြောကြားသည်။

ဟားခါးမြို့တွင် စိုက်ထူမည့် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုသည် ဟားခါးမြို့သို့ရောက်ရှိနေပြီဖြစ်ပြီး ဟားခါးမြို့ ရှုခင်းသာဘက်တွင်ထားရန် စီစဉ်နေကြောင်းနှင့် ကြေးရုပ်စိုက်ထူပွဲကို အခမ်းအနားဖြင့် မကြာမီကျင်းပရန်ရှိကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်က “အသစ်လုပ်တာ မဟုတ်ဘူး။ စည်ပင်ပန်းခြံမှာ အရင်ရှိပြီးသားဟာကို ပြန်ပြီး မွမ်းမံအစားထိုးတာပါ။ အဲဒါလုပ်ဖို့အတွက် ရည်စူးပြီးလုပ်တာပါ။ အခု ဒီမိုကရေစီဆိုပြီးတော့ အားလုံးက ဆန္ဒအမျိုးမျိုး ဖော်ထုတ်ကြတာပေါ့။ အရပ်ဘက်အဖွဲ့တွေရော၊ လူငယ်တွေရော အားလုံးနဲ့ညှိနှိုင်းပါဦးမယ်။ ညှိနှိုင်းပြီးတော့မှ အားလုံး ပြေလည်မှုရမှ ကျွန်တော်တို့လုပ်မှာပါ”ဟု ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စိုက်ထူရန် ပြီးခဲ့သည့်နှစ်က ထန်တလန်မြို့နယ် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ခဲ့ရာ ပြည်သူများ၊ အရပ်ဘက်အဖွဲ့များက ကန့်ကွက်ခဲ့သောကြောင့် ကြေးရုပ်စိုက်မည့်လုပ်ငန်း ပျက်သွားခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ကယားပြည်နယ် လွိုင်ကော်မြို့တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို ပြည်နယ်အစိုးရက စီစဉ်ထားရှိမှုကြောင့် ဒေသခံကရင်နီလူထုနှင့် လူငယ်များက ကန့်ကွက်ဆန္ဒပြမှုများ၊ သပိတ်စခန်းဖွင့် သပိတ်မှောက်မှုများဖြစ်ပေါ်ခဲ့ရာ သေနတ်ပစ် ဖြိုခွဲခဲ့သည်အထိ ဖြစ်ခဲ့သည့်အပြင် လူငယ်များနှင့် ပြည်နယ်အစိုးရ ညှိနှိုင်းသော်လည်း အဆင်မပြေခဲ့ပေ။

လက်ရှိတွင် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သည့်ကြားမှ ထားရှိမှုကြောင့် ပြည်နယ်အစိုးရဝန်ကြီးချုပ်နှင့် ဝန်ကြီးကို ကရင်နီအမျိုးသားသစ္စာဖောက်အဖြစ် ကြေညာခဲ့သဖြင့် လူငယ် ၆ ဦးကို နိုင်/လွတ်/လုံ ပုဒ်မဖြင့် ပြည်နယ်အစိုးရတာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ လွိုင်ကော်တရားရုံးတွင် တရားစွဲကာ လွိုင်ကော်ထောင်တွင် ထိန်းသိမ်းထားသည်။

R-20