News

POST TYPE

LATEST NEWS POST

ကျောက်တော်တွင် တိုက်ပွဲများဖြစ်ပွား၊ အရပ်သားတစ်ဦးသေဆုံး
15-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၅

ရခိုင်ပြည်နယ် ကျောက်တော်နှင့် မင်းပြားမြို့နယ်တို့တွင် တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ အကြား စက်တင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့များအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကျောက်တော်မြို့နယ်အတွင်းရှိ ဒေသခံ အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အဆိုပါဒေသခံများထံမှ သိရသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ကံသုံးဆင့်ကျေးရွာ၊ သင်္ဂနက်ကျေးရွာ စသည့်ကျေးရွာများအနီးတစ်ဝိုက်တွင် စက်တင်ဘာလ ၁၄ ရက်ညပိုင်းမှစတင်ကာ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ကံသုံးဆင့်ကျေးရွာမှ ဒေသခံရွာသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ကျောက်တော်ဒေသခံ အရပ်ဘက်လူမှုရေးအသင်းများထံမှ သိရသည်။

ကျောက်တော်မြို့နယ်အတွင်းရှိ ကုလားတန်မြစ်ကြောတစ်လျှောက် တပ်မတော် ရေယာဉ်များနှင့် AA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ နှစ်ဖက်အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြကြောင်း ကျောက်တော်မြို့နယ်အတွင်း စစ်ဘေးရှောင်များ ကူညီနေသည့် ကိုထွန်းခိုင်ဦးက ပြောကြားသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် သင်္ဂနက်ကျေးရွာ၊ ကံသုံးဆင့်ကျေးရွာ စသည်တို့မှ ဒေသခံ ရွာသားသုံးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကာ တစ်ဦးမှာ သွေးလွန်၍ သေဆုံးသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကုလားတန်မြစ်ထဲ ကင်းလှည့်နေတဲ့ စစ်ရေယာဉ်တွေကို တောထဲကလှမ်းပစ်လို့ တပ်ကလည်းပြန်ပစ်ရင်း တိုက်ပွဲပြင်းသွားတယ်လို့ သိရတယ်။ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်တာတွေရှိခဲ့တယ်။ လက်ရှိနှစ်ဦးက စစ်တွေဆေးရုံမှာ တစ်ဦးက လမ်းမှာဆုံးသွားတယ်”ဟု ၎င်းကဆိုသည်။

ကုလားတန်မြစ်အတွင်းရှိ တပ်မတော် စစ်ရေယာဉ်များကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် AA လက်နက်ကိုင်အဖွဲ့က နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်မှုရှိခဲ့ကြောင်း AA လက်နက်ကိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း အတည်ပြုပြောကြားသည်။

“ကျွန်တော်တို့ဘက်ကစပြီး ပစ်ခတ်တာရှိတယ်။ နံနက်အစောပိုင်းမှာ အထိအခိုက်အကျအဆုံးတော့ မသိသေးဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ ဘူးသီးတောင်မြို့နယ်များတွင် တပ်မတော်နှင့် AA လက်နက်ကိုင်တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

J-08