News

POST TYPE

LATEST NEWS POST

လက်လီ၊ လက်ကားရောင်းချခွင့် မှတ်ပုံမတင်သည့်ကုမ္ပဏီများကို ကုန်ပစ္စည်းများ တင်သွင်းရောင်းချခွင့်မပြု
14-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၄

လက်လီ၊ လက်ကားရောင်းချခွင့် မှတ်ပုံတင် လျှောက်ထားရယူထားခြင်း မရှိသေးသည့် ကုမ္ပဏီများအနေနှင့် ကုန်ပစ္စည်းအုပ်စု ၆ မျိုး တင်သွင်းရောင်းချခွင့်ကို ဆက်လက်ခွင့်ပြုတော့မည်မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနထံမှ သိရသည်။

ယခင်အမိန့်ကြေညာစာများဖြင့် တင်သွင်းရောင်းချခွင့်ပြုထားသည့် ဓာတ်မြေဩဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ ဆေးရုံသုံးကိရိယာများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လယ်ယာသုံး စက်ကိရိယာများစသည့် ကုန်ပစ္စည်းအုပ်စု ၆ မျိုးကို ဆက်လက်ရောင်းချခွင့်မပြုတော့ခြင်းဖြစ်သည်။

ကုန်ပစ္စည်းအုပ်စုခြောက်မျိုးကို ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ရယူ၍ တင်သွင်းရောင်းချခြင်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအနေနှင့် လက်လီ၊ လက်ကားရောင်းချခွင့်လုပ်ငန်း မှတ်ပုံတင်ကို သတ်မှတ်ရက်အတွင်း အပြီးလျှောက်ထားရန် စီးပွား/ကူးသန်းဝန်ကြီးဌာနက အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

လက်လီ၊ လက်ကား ရောင်းချခွင့် မှတ်ပုံတင်ကို အမိန့်ကြေညာစာထုတ်ပြန်သည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က မှတ်ပုံတင်လျှောက်ထားရန် သတ်မှတ်ရက် ကျော်လွန်သွားပြီဖြစ်သည်။

မှတ်ပုံတင်လျှောက်ထားရန် ကျန်ရှိသည့်ကုမ္ပဏီများအနေနှင့် သတ်မှတ်ကာလကျော်လွန်သည့်တိုင် လက်လီ၊ လက်ကားရောင်းချခွင့် မှတ်ပုံတင်ကို သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရယူမည်ဆိုပါက လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

J-11