News

POST TYPE

LATEST NEWS POST

သောင်းကျန်းမှုများ ချေမှုန်းရန် ပြည်သူ့စစ်များ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း တပ်မတော်ပြော
12-Sep-2019
နေပြည်တော်၊ စက်တင်ဘာ ၁၁

ပြည်တွင်းသောင်းကျန်းမှုများ ချေမှုန်းရန်အတွက် ပြည်သူ့စစ်တပ်ဖွဲ့များကို ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားလိုက်သည်။

“တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းထားရခြင်းမှာ ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှု အန္တရာယ်ကို ချေမှုန်းနိုင်ရေးအတွက် ရေတိုရည်မှန်းချက်အရ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရေရှည်တွင် ပြည်သူတစ်ရပ်လုံးက မိမိနိုင်ငံအတွက် ကာကွယ်စောင့်ရှောက်ရသည့် ပြည်သူ့စစ် မဟာဗျူဟာအစီအမံ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ဆောင်ရွက်နိုင်မည့် ပြည်သူ့စစ်ဌာနေအဖွဲ့များအဖြစ် ဖွဲ့စည်းထားရှိခြင်းပဲ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

နယ်မြေအရပ်ရပ်ရှိ ပြည်သူ့စစ် အဖွဲ့များအား တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ရင်းတပ်ဖွဲ့များက ဖွဲ့စည်းရေး၊ လေ့ကျင့်ရေး၊ လက်နက်တပ်ဆင်ရေးနှင့် တာဝန်ခွဲဝေ သတ်မှတ်ပေးရေး အပိုင်းတို့ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းစစ်ဌာနချုပ်များအနေနှင့် နယ်မြေအလိုက် ဖွဲ့ထားသည့် ပြည်သူ့စစ်အဖွဲ့များအား ကြီးကြပ်ကွပ်ကဲပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့စစ် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက ကြီးကြပ်ကွပ်ကဲလျက်ရှိကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ထပ်လောင်းပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မည်သည့်အတွက်ကြောင့် ပြည်သူ့စစ်များကို ထားရှိပြီး ပြည်သူ့စစ်များ၏ လုပ်ဆောင်ချက်များနှင့် ပြည်သူ့စစ်များကို မည်သည့်ဌာန၊ အဖွဲ့အစည်းက တာဝန်ခံမည်ကို သိလိုကြောင်း မေးခွန်းကို ယနေ့ (စက်တင်ဘာ ၁၁) ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပေါင် မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက မေးမြန်းရာတွင် ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့စစ်အဖွဲ့များသည် နိုင်ငံတော် လုံခြုံရေးအတွက် ကာကွယ်စောင့်ရှောက်နေသူများ ဖြစ်သည့်အပြင် ပြည်တွင်း၊ ပြည်ပစစ်မက် အရေးအခင်းများနှင့် ရင်ဆိုင်ရချိန်တွင် တပ်မတော်နှင့် လက်တွဲ၍ စစ်ရေးအင်အားအဖြစ် ရပ်တည်သွားရမည့် တိုက်ခိုက်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေးအင်အားများလည်းဖြစ်ကြောင်း၊ စစ်မက်အရေးအခင်းများ ပေါ်ပေါက်လာမှသာ အရေးပေါ် ဖွဲ့စည်းရသည့် အဖွဲ့အစည်းမျိုးမဟုတ်ဘဲ အမျိုးသား ကာကွယ်ရေးကို အစဉ်ထိန်းသိမ်းထားပြီး အချိန်မရွေး အသင့်ဖြစ်နေရန် လေ့ကျင့်ထားရမည့် အဖွဲအစည်းတစ်ရပ်လည်းဖြစ်ကြောင်း ဗိုလ်ချုပ်က ဆိုသည်။

တပ်မတော်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေများတွင် ရပ်ကွက်၊ ကျေးရွာ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင် စသည့် အချက်အချာကျသည့် နေရာများတွင် စစ်ရေးလိုအပ်ချက်အရ ပြည်သူ့စစ်ဌာနေအဖွဲ့များ ဖွဲ့စည်းထားရှိခြင်းဖြစ်ပြီး ယင်းအဖွဲ့များသည် နယ်မြေလုံခြုံရေး၊ ဆက်သွယ်ရေးလမ်းကြောင်းများ လုံခြုံရေး၊ တံတား၊ လျှပ်စစ်တာဝါတိုင်နှင့် စက်ရုံအလုပ်ရုံ၊ သတ္တုတူးဖော် နယ်မြေ၊ သစ်တောကြိုးဝိုင်းနယ်မြေ စသည့်နယ်မြေများ လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။

ပြည်သူ့စစ်အဖွဲ့များတွင် လိုက်နာဆောင်ရွက်ရသည့် ဥပဒေ ရှိ မရှိနှင့် တရားဥပဒေမဲ့လုပ်ရပ်များကို အရေးယူ ဆောင်ရွက်မှု ရှိမရှိကို ရှင်းလင်းပေးစေလိုကြောင်း ဒေါ်မိကွန်ချမ်းက ထပ်လောင်းပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗိုလ်ချုပ် မြင့်နွယ်က “ပြည်သူ့စစ်တွေဟာ တပ်မတော်သား အဖွဲ့အစည်းမဟုတ်ပါဘူး။ သူတို့ဟာ အရပ်ဘက်အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်”ဟု ဆိုသည်။

ပြည်သူ့စစ်များသည် တပ်မတော်မှ ကြီးကြပ်ကွပ်ကဲထားသည့် အဖွဲ့များဖြစ်သော်လည်း ၎င်းတို့ ပြစ်မှုတစ်စုံတစ်ရာ ပြစ်မှုကျူးလွန်ပါက ရဲတပ်ဖွဲ့နှင့်သာ သက်ဆိုင်သည့် နယ်ဘက်တရားစီရင်ရေး ဖြစ်သည့်အမှုသာဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ပြစ်မှုအားဖြင့် ကောက်နုတ်တင်ပြ မည်ဆိုပါက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် ကရင်ပြည်နယ် ဘားအံတွင် ပြည်သူ့စစ်တစ်ဦး၏ သေနတ်ပစ်မှုကြောင့် လူတစ်ဦး ထိမှန်သေဆုံးခြင်းကို မြိုင်ကလေးစခန်းမှ နယ်ဘက်တရားရုံးတွင် အရေးယူရန် လုပ်ဆောင်ရာတွင် ဘားအံတရားရုံးက ပုဒ်မ ၃၀၄ လူသေမှုဖြင့် ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ကြောင်း ၎င်းက ပြောသည်။

ဘားအံမြို့နယ်၊ ဇာပြင်ကျေးရွာတွင်လည်း ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးထံမှ စိတ်ကြွဆေး ၅ ပြား၊ လက်ပစ်ဗုံးနှင့် လက်နက်ခဲယမ်းများ တွေ့ရှိခြင်းကြောင့် ပြည်သူ့စစ်မှ အပြီးအပိုင်ထုတ်ကာ ဘားအံမြို့နယ် တရားရုံးက မူးယစ်ဆေး သုံးစွဲမှုနှင့် လက်ဝယ်တွေ့ရှိမှုဖြင့် ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် လူသတ်ရန် ကြံစည်အားထုတ်မှုဖြစ်သည့် မိုင်းမြို့နယ်၊ ပြည်သူ့စစ် အဖွဲ့ဝင်တစ်ဦးက လူတစ်ဦးအား သေနတ်ဖြင့် ၇ ချက် ပစ်ခတ်ခဲ့ရာတွင် ကျည်ဖောက် ဝင်ခဲ့သော်လည်း မစိုးရိမ်ရသည့် ဒဏ်ရာရခဲ့သည့်အတွက် လူသတ်ရန်ကြံစည်မှုဖြင့် ပြည်သူ့စစ်အဖွဲ့မှ အပြီးထုတ်ကာ မိုင်းရယ်တရားရုံးက ပုဒ်မ ၃၀၇ ဖြင့် ထောင်သုံးနှစ်ချမှတ်ခဲ့ကြောင်း ဗိုလ်ချုပ်မြင့်နွယ်က ပြောကြားခဲ့သည်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် ကြီးကြပ်ကွပ်ကဲတယ်၊ ဖွဲ့စည်းတယ်၊ လေ့ကျင့်ပေးတယ်။ နောက်တစ်ခါ ဖြစ်လာတဲ့ ပြဿနာကိုတော့လည်းပဲ အရပ်သားဖြစ်တဲ့အတွက် အရပ်ဘက်၊ နယ်ဘက် ဥပဒေနဲ့ပဲ အရေးယူလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ ကာကွယ်ရေး မူဝါဒအရ ပြည်သူ့စစ်အဖွဲ့များကို ကာလရှည်၊ ကာလတို ဖွဲ့စည်းထားရှိခြင်းဖြစ်သောကြောင့် မူဝါဒပြောင်းလဲမှု မရှိသေးသရွေ့ လက်ရှိအတိုင်း ဆက်လက်ဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်က ထပ်လောင်းပြောကြားခဲ့သည်။

S-01



  • VIA