News

POST TYPE

LATEST NEWS POST

ဂျော်ဒန်တောင်ကြားဒေသကို အစ္စရေးပိုင်နက်ဖြစ်စေရမည်ဟု အစ္စရေးဝန်ကြီးချုပ်ပြောဆိုမှု အာရပ်နိုင်ငံများ ကန့်ကွက်
11-Sep-2019



ဂျေရုဆလင်၊ စက်တင်ဘာ ၁၁

သိမ်းပိုက် အနောက်ဘက်ကမ်းရှိ ဂျော်ဒန်တောင်ကြားဒေသအထိ အစ္စရေးကို တိုးချဲ့မည်ဟု ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုက ကတိပြုခဲ့ပြီးနောက် ဆော်ဒီအာရေးဗီးယား အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံများက ပြင်းထန်စွာ ကန့်ကွက်လျက်ရှိသည်။

လာမည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါလျှင် ဂျော်ဒန်တောင်ကြားဒေသအထိ နယ်ပယ်ချဲ့ထွင်မည်ဟု ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ညာဟုက ပြောကြားခဲ့သည်။

“ယနေ့ ကျွန်တော့် သဘောဆန္ဒကို ကြေညာပါ့မယ်။ အစိုးရသစ်ဖွဲ့နိုင်ပြီဆိုရင် အစ္စရေးကို ဂျော်ဒန်တောင်ကြားနဲ့ မြောက်ပိုင်း ပင်လယ်သေအထိ သတ်မှတ်နိုင်ဖို့ ဖြစ်ပါတယ်”ဟု ဝန်ကြီးချုပ် နေတန်ညာဟုက ပြောကြားခဲ့သည်။

ဂျော်ဒန်တောင်ကြားဒေသနှင့် မြောက်ပိုင်း ပင်လယ်သေ ဒေသသည် အနောက်ဘက်ကမ်း၏ ၃၀ ရာခိုင်နှုန်းသော ဒေသဖြစ်ပြီး ပါလက်စတိုင်း ခြောက်သောင်းခွဲနှင့် တရားမဝင် အစ္စရေးအခြေချနေထိုင်သူ တစ်သောင်းတစ်ထောင်ခန့် ရှိနေသည်။

အဆိုပါ ဒေသကို အစ္စရေးစစ်တပ်က ထိန်းချုပ်ထားပြီး သိမ်းပိုက်ခံအနောက်ကမ်းဒေသဟု နိုင်ငံတကာက ခေါ်ဆိုကြသည်။

အစ္စရေး၏ အဆိုပါ ရည်ရွယ်ချက်သည် အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး ဖြစ်စဉ်ကို ပျက်စီးသွားစေနိုင်သည် ဟု အာရပ်နိုင်ငံခြားရေးဝန်ကြီးများက ကန့်ကွက်ထားသည်။ 

F-02