News

POST TYPE

LATEST NEWS POST

တရုတ်တင်ပို့မည့် ဆန်ကွဲတန်ချိန်ငါးထောင် မူဆယ်တွင်ပိတ်မိ
25-Aug-2019

ရန်ကုန်၊ ဩဂုတ် ၂၅

တရုတ်နိုင်ငံသို့ ဆန်ကွဲတင်ပို့မှုမှာ ပြီးခဲ့သည့်ဧပြီလက စတင်ရပ်ဆိုင်းခဲ့သောကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် ဆန်ကွဲတန်ချိန် ၅၀၀၀ မှာ ပိတ်မိနေပြီး ဂိုဒေါင်တွင်သိုလှောင်ထားရကြောင်း ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောသည်။

မူဆယ်သို့ရောက်ရှိနေသည့် ဆန်ကွဲ တန်ချိန် ၅၀၀၀ ကို ဂိုဒေါင်တွင်သိုလှောင်ထားပြီး မြန်မာ - တရုတ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ (MoU) ကို ပြင်ဆင်လက်မှတ်ရေးထိုးရန် စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ဆန်ကွဲများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့လျက်ရှိရာမှ နှစ်နိုင်ငံအကြား သဘောတူထားသည့် ဆန်အတွက် သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးစာချုပ်အရ ဆန်၊ ဆန်ကွဲအယူအဆကြောင့် တင်ပို့မှုရပ်ဆိုင်းသွားခြင်းဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

အဆိုပါ ဆန်ကွဲတန်ချိန် ငါးထောင်သည် ကုန်လှောင်ရုံထဲတွင် လေးလခန့်ကြာမြင့်လာသည့်အတွက် စတင်ပျက်စီးနေသည့် အခြေအနေဖြစ်ပြီး မူဆယ်မှ ပြည်တွင်းသို့ ပြန်သယ်လာပါက သယ်ယူစရိတ် နှစ်ဆခန့် မြင့်တက်သွားမည်ဖြစ်သောကြောင့် ပြန်သယ်ရန်အခက်ကြုံနေရပြီး ဒေသတွင်း ရောင်းချပါက ဆန်ကွဲစားသုံးမှုနည်းခြင်း၊ စက်မှုကုန်ကြမ်း အသုံးပြုမှုမရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ပဲခူးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ထို့ကြောင့် နှစ်နိုင်ငံအကြား သက်ဆိုင်သည့်ဌာနဆိုင်ရာမှ ဆောလျင်စွာ ညှိနှိုင်းပြီး ပြင်ဆင်မှုစာချွန်လွှာရေးထိုးပေးနိုင်ပါက လက်ရှိနယ်စပ်တွင် သောင်တင်နေသည့်ဆန်ကွဲများ ရောင်းချနိုင်မည့်အပြင် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းနိမ့်ကျနေသည့် ဆန်ကွဲများကိုပါ တရုတ်နိုင်ငံ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောဆိုသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီမှုတွင် ဆန်ကွဲကို ထပ်မံဖြည့်စွက်၍ လက်မှတ်ပြန်လည်ရေးထိုးရန် ၂၀၁၉ ခုနှစ် မတ်လကတည်းက နှစ်နိုင်ငံအကြား ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားထားသည်။

“ဆန်ကိုတော့ တရားဝင်ပို့ဖို့ လက်မှတ်ထိုးထားတယ်။ ကုန်သည်တွေကလည်း တရုတ်ကို ဆန်ကွဲပို့ချင်တယ်လို့ တောင်းဆိုတဲ့အတွက် တရားဝင် လက်မှတ်ထိုးဖို့ လုပ်နေတယ်”ဟု ၎င်းက ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ဆန်ကွဲတင်ပို့မှုသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံကို အများဆုံး တင်ပို့နိုင်ခဲ့သော်လည်း ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ စတင်ပြီး ဘယ်လ်ဂျီယံနိုင်ငံကို အများဆုံး တင်ပို့နိုင်ကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းများအရ သိရသည်။  

J-11