News

POST TYPE

LATEST NEWS POST

သဲဖြူကုန်းကျေးရွာအနီးရှိ မူလတန်းကျောင်း ပြောင်းရွှေ့နိုင်ရေး စီစဉ်
25-Aug-2019
မော်လမြိုင်၊ ဩဂုတ်လ ၂၅

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီး ရဲပြာကုန်းတောင်ခြေတွင် တည်ရှိနေသည့် အခြေခံပညာမူလတန်းကျောင်း ပြောင်းရွှေ့နိုင်ရေးအတွက် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြေနေရာရှာဖွေ၍ အမြန်းဆုံးပြောင်းရွှေ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။

သဲဖြူကုန်းကျေးရွာအနီးရှိ ရဲပြာကုန်းတောင်ပေါ်ရှိ စေတီတွင်လည်း မြေသားအက်ကွဲမှုကြောင့် အရံစေတီများကိုပြောင်းရွှေ့ထားရပြီး တောင်ပြိုကျမည့် အန္တရာယ်ကို စိုးရိမ်နေသည့်အတွက် တောင်အောက်ရှိ မူလတန်းကျောင်းကိုပြောင်းရွှေ့ရန် စီစဉ်ရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီကိစ္စက ချက်ချင်းပြောင်းလို့ရတဲ့ ကိစ္စတော့မဟုတ်ဘူး၊ ကျွန်မတို့က အပေါ်မှာ ပြိုမယ်၊ မပြိုဘူးဆိုတာက စိုးရိမ်ကြတယ်၊ မိဘတွေကလည်း ကလေးတွေကို ကျောင်းကို လာမပို့ကြတော့ဘူး၊ ကျောင်းသားတွေကိုလည်း ကျောင်းပျက်ခံလို့မဖြစ်တော့ ဝန်ကြီးချုပ်က ယာယီရွှေ့ပြောင်းလို့ရတဲ့နေရာ ရှိလားလို့ မေးတယ်ရှိတယ်ဆိုရင် ချက်ချင်း ယာယီရွှေ့ပြီး၊ မြေနေရာရှာပြီး အဆောက်အအုံ ပြန်ဆောက်ဖို့ကို ဆက်လုပ်မယ်ပေါ့”ဟု မိကွန်ချမ်းက ပြောသည်။

မူလတန်းကျောင်းကို ယာယီရွှေ့ပြောင်းနိုင်ရေးအတွက် ကျေးရွာ ပတ်ဝန်းကျင်ရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မရုံစသည့် အဆောက်အအုံများရှိပါက ချက်ချင်း ယာယီကျောင်းအဖြစ် ရွှေ့ပြောင်းနိုင်ကြောင်း၊ ထိုကဲ့သို့ အဆောက်အအုံများမရှိသည့်အတွက် လက်ရှိတွင် တောင်နှင့်လွတ်ကင်းသည့် မြေနေရာရရှိရေးအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းတိုင်ပင်၍ မြေနေရာရှာလျက်ရှိကြောင်း၊ မြေနေရာရရှိပါက ယာယီကျောင်းအဖြစ် စာသင်ခန်း ၅ ခန်းပါရှိသည့် ယာယီ အဆောက်အအုံကို အရင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊ ထိုမူလတန်းကျောင်းတွင် ကျောင်းသား ၁၅၀ ဝန်းကျင်ခန့် ပညာသင်ကြားနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“တခြားကျောင်းတွေနဲ့ပေါင်းဖို့ ကျပြန်တော့လည်း ကလေးတွေအတွက် ခုံတွေ အခက်အခဲရှိမယ်၊ သွားလာရအခက်အခဲဖြစ်နိုင်တယ်၊ ရှိတဲ့ ဘုန်းကြီးကျောင်းကလည်း ပျက်စီးသွားပြီး တခြားဘုန်းကြီးကျောင်းကလည်း ဝေးတော့ သွားလာရခက်ခဲပြန်တယ်။ ရှိတဲ့မြေနေရာကလည်း အခုပြိုကျတဲ့ နေရာအနီးမှာပဲရှိတယ်၊ တောင်အောက်ခြေမှာဖြစ်နေတော့ စိတ်မချရပြန်ဘူး”ဟု မိကွန်ချမ်းက ပြောသည်။

တောင်ပြိုကျမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ကျောင်းသားမိဘများမှာလည်း စိုးရိမ်သည့်အတွက် ကျောင်းသား/သူများကို ကျောင်းသို့ ပို့ဆောင်ခြင်းမရှိကြောင်း၊ ကျောင်းသား ၄၀ ကျော်သာ ကျောင်းတက်ရောက်ကြကြောင်း ထိုမူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောသည်။

“သဲဖြူကုန်းမြေပြိုတုန်းကလည်း ဒီကျောင်းမှာ စာသင်နေတဲ့ကျောင်းသား ၁၂ ဦးလောက် ပါသွားတယ်၊ သေဆုံးခဲ့ရတယ်။ အခု အပေါ်မှာလည်း ကျောက်ဖျာ နှစ်ခု သုံးခုလောက်ရှိနေတယ်၊ ကျောင်းနဲ့လည်း အရမ်းနီးနေတော့ ကျလာပြီးဆိုရင် ကျောင်းနဲ့ တန်းနေတယ်ဆိုတော့ ဆရာမတွေရော၊ ကလေးတွေရော ကြောက်နေကြတယ်”ဟု ဆရာမကြီး ဒေါ်ခင်လေးနွယ်က ပြောသည်။

ထိုရဲပြာကုန်းတောင်ပေါ်ရှိ စေတီမှ အရံစေတီများမှာ မြေကျွံမှုဖြစ်၍ လွန်ခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့တွင် အရံစေတီများကို ပြောင်းရွှေ့ထားရပြီးဖြစ်ကြောင်း၊ တောင်မြေပြိုမှု ထပ်မံမဖြစ်စေရေးအတွက် နိုင်ငံတကာမှ ပညာရှင်များ၏ နည်းပညာများဖြင့် ပြုပြင်မှသာလျှင် ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြေပြိုမည်ကို စိုးရိမ်၍ ကျောင်းများပြောင်းရွှေ့ခြင်း လူများ ပြောင်းရွှေ့နေထိုင်ခြင်းသည် မှန်ကန်သည့် ဖြေရှင်းမှုမျိုးမဟုတ်ကြောင်း ၎င်းက ရှင်းပြသည်။

မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာရှိ မလတ်တောင်မှာ ယခုဩဂုတ်လ ၉ ရက်နေ့တွင် မြေပြိုကျမှုကြောင့် လူပေါင်း ၇၀ ခန့် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်းရှိခဲ့သည့်အတွက် ပတ်ဝန်းကျင်ရှိ တောင်များမှာလည်း မြေပြိုနိုင်သည့် အန္တရာယ်ကို ဒေသခံများမှ စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

R-21