News

POST TYPE

LATEST NEWS POST

ကလေးတွင် ကျောင်းသားတစ်ဦး တောင်ကျချောင်းရေဖြင့် မျောပါပျောက်ဆုံး
25-Aug-2019
ကလေး၊ သြဂုတ် ၂၅

ကလေးမြို့နယ်၊ ချင်းစုကျေးရွာမှ ဆယ်တန်းကျောင်းသား ဆလိုင်းထောင်းထာထန်းသည် သြဂုတ် ၂၄ ရက်က ရာဇဂြိုဟ်တမံမှ လေ့လာရေးအပြင်တောင်ကျချောင်းရေဖြင့် မျောပါသွားပြီး ပျောက်ဆုံးနေကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။

၎င်းသည် သူငယ်ချင်းများနှင့် ရာဇဂြိဟ်တမံမှလေ့လာရေးအပြန် မြစိမ်းရွာအနီး မှန်လုံချောင်းအနီးခဏနားစဉ် ၎င်းစီးလာသည့်ဖိနပ် ရေထဲမျောပါသွား၍ လိုက်ဆယ်ရာမှ လူပါမျောပါသွားခြင်းဖြစ်ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗန်လာလ်မွန်က ပြောသည်။

အဆိုပါကျေးရွာများတွင် သြဂုတ် ၂၃ ရက်၊ ည ၇ နာရီခန့်မှစ၍ သြဂုတ် ၂၄ ရက် မွန်းတည့်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း၊ ပျောက်ဆုံးနေသည့် ဆလိုင်းထောင်းထာထန်းကို လတ်တလောရှာဖွေနေသော်လည်း မတွေ့သေးကြောင်း ၎င်းက ရှင်းပြသည်။

မိုးများနေသောကြောင့် ကလေးမြို့နယ်အတွင်း ချောင်းများတွင် တောင်ကျချောင်းရေများဖြင့် ရေစီးသန်ပြီး ကျေးရွာချင်းဆက်လမ်းရှိ တံတားများ မျောပါခြင်း၊ ချောင်းနှင့်နီးစပ်သည့်အနိမ့်ပိုင်းရပ်ကွက်အချို့ ရေဝင်ခြင်း၊ ကလေး-ဂန့်ဂေါလမ်းရေကျော်၍ သွားလာရေး ခက်ခဲနေသည်။

R-20