News

POST TYPE

LATEST NEWS POST

မလေးရှားနိုင်ငံ ပါဟန်းတွင် ရွှေတွင်းဟောင်းတစ်ခုအတွင်း ကျနေသောဆင်များကို ကယ်ဆယ်ခဲ့
22-Aug-2019

ကွန်တန်၊ ဩဂုတ် ၂၂

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ်တွင် အသုံးမပြုတော့သော ရွှေတွင်းဟောင်းတစ်ခုအတွင်း ပြုတ်ကျကာ ပိတ်မိနေသော ဆင်ငါးကောင်ကို အင်္ဂါနေ့က ခြောက်နာရီကြာ ကြိုးစားအားထုတ်ခဲ့ကြပြီးနောက် ကယ်ဆယ်နိုင်ခဲ့သည်ဟု CAN သတင်းတွင် ဖော်ပြထားသည်။

မလေးရှားနိုင်ငံ ပါဟန်းပြည်နယ် သဘာဝတောရိုင်းနှင့် အမျိုးသားသစ်တော ကြိုးဝိုင်းဌာနမှ ဒါရိုက်တာ ရိုဇိုင်ဒန် မက်ယာဆင်က ရွန်ပင်ရှိ မူဒဇမ်ရှားခရိုင်မှ သစ်တောအရာရှိများက အဆိုပါဆင်များ ကယ်ဆယ်ရေးလုပ်ငန်းကို ဝိုင်းဝန်းကြိုးစားခဲ့ကြသည်ဟု ပြောကြားသည်။

သစ်တောအရာရှိများသည် ရန်ချန်းအရပ်ရှိ ရွှေတွင်းဟောင်းတစ်ခုအတွင်း အရွယ်ရောက်ပြီး ဆင်လေးကောင်နှင့် အငယ်တစ်ကောင် ပြုတ်ကျကာ ပိတ်မိနေသည်ဟု အင်္ဂါနေ့နံနက်က သတင်းရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာသို့ သစ်တောအရာရှိ လေးဦး သွားရောက်ကြည့်ရှုခဲ့ကြရာ အခင်းဖြစ်နေရာသည် ရွံ့နွံများဖြစ်နေသောကြောင့် ဆင်များ ပြန်မထွက်နိုင်ခြင်းကို တွေ့ရှိခဲ့ကြသည်။

“အနီးအနားမှာရှိတဲ့ သတ္တုတွင်း ကုမ္ပဏီကနေ အကူအညီရအောင် ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ ကုမ္ပဏီရဲ့ ဘက်ဟိုးမြေကော်စက်ကို အသုံးပြုပြီးတော့ ရွှံ့တွေကိုတူးပြီး ဆင်တွေပြန်ထွက်နိုင်အောင် လမ်းဖွင့်ပေးခဲ့တယ်”ဟု ရိုဇိုင်ဒန်က ပြောကြားသည်။

ညနေခြောက်နာရီခန့်တွင် ဆင်များအားလုံးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပြီး ဆင်များသည် အခြေအနေကောင်းပုံရကာ ခဏအကြာတွင် တောထဲသို့ ပြန်ဝင်သွားခဲ့ကြသည်ဟု သိရှိရသည်။

ဆင်များကို ကယ်ဆယ်သည့် ဗီဒီယိုဖိုင်ကို Facebook တွင် တင်ပေးခဲ့ရာ ဗုဒ္ဓဟူးနေ့ နံနက်အထိ ကြည့်ရှုသူပေါင်း ၂၃၃,ဝ၀၀ ဦးရှိခဲ့သည်။

Facebook စာမျက်နှာတွင် ဝင်ရောက်ကြည့်ရှုသူများက မှတ်ချက်ပေါင်း ၁၂၀၀ ခန့် ရေးသားသွားခဲ့ကြပြီး သစ်တောအရာရှိများကို ကျေးဇူးတင်ကြောင်းနှင့် စိတ်ပိုင်းဖြတ်ကာ ဇွဲကောင်းကောင်းဖြင့် ကယ်ဆယ်ခဲ့ကြခြင်းအပေါ် ချီးကျူးကြောင်း ရေးသားဖော်ပြခဲ့ကြသည်။

F-04