News

POST TYPE

LATEST NEWS POST

မိတ္ထီလာ ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲ ရိုးရာသစ်သားလှေအစား ဖိုင်ဘာလှေ အသုံးပြုမည်
21-Aug-2019

မိတ္ထီလာ၊ ဩဂုတ်၂၁

မန္တလေးတိုင်း မိတ္ထီလာမြို့ မြို့မ(၄) ရပ်ကွက် နယ်မြေရှိ သမိုင်းဝင်ဖောင်တော်ဦးစေတီတွင် လာမည့် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် ၁၃၆ ကြိမ်မြောက် ဗုဒ္ခပူဇနိယပွဲတွင် မြန်မာ့ရိုးရာ လောင်းလှေပြိုင်ပွဲကို ကျင်းပမည်ဖြစ်ရာ အဆိုပါလှေပြိုင်ပွဲတွင် ရိုးရာသစ်သားလှေများအစား ဖိုင်ဘာလှေများကို အသုံးပြုမည်ဖြစ်ကြောင်း ဘုရားပွဲကျင်းပရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်တွင် ဇာတ်ပွဲ၊ ချားရဟတ်၊ ယိမ်းလှေများ ပျော်ပွဲရွှင်ပွဲများနှင့် ပွဲဈေးတန်း ဈေးဆိုင်ခန်းများကို ထည့်သွင်း ကျင်းပသွားမည်ဖြစ်သည်။ 

“အရင်လှေတွေက နှစ် ၇၀ ဝန်းကျင်လောက် ရှိသွားပြီ။ မကောင်းတော့ဘူး။ ပရိဘောဂလုပ်တဲ့ကော်မျိုးနဲ့ ဆက်ထားရတာ။ ဒါတွေကို ကျွန်တော်တို့က မြင်ထားတာ။ အလယ်က ကွဲထွက်သွားမှာ ကြောက်တာ။ လှေကြီးကိုမှောက်ပြီးတော့ ကြည့်လိုက်တော့ ဆန်ကာပေါက်ကျနေတာပဲ။ အဲဒါနဲ့ ကောင်းတဲ့အသားလေးတွေကို ရှာပြီးဆက်ထားရတာ”ဟု မြို့မ (၄) ရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးက ရှင်းပြသည်။ 

ယခုနှစ်တွင် အသုံးပြုမည့် လှေနှစ်စင်းကို မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်က လှူဒါန်းထားပြီး မြန်မာ့ရိုးရာလောင်း လှေပုံစံအတိုင်း ဖိုင်ဘာဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ လှေတစ်စီးလျှင် ကျပ်သိန်းတစ်ရာခန့် တန်ဖိုးရှိသည်ဟုသိရကြောင်း ဖောင်တော်ဦးဘုရားဂေါပကအဖွဲ့ စာရင်းကိုင် ဦးခင်မောင်ညွန့်က ရှင်းပြသည်။

ယမန်နှစ်က ကျင်းပခဲ့သော ၁၃၅ ကြိမ်မြောက် ဖောင်တော်ဦးဘုရားပွဲတော်တွင် လောင်းလှေပြိုင်ပွဲ၌ အသင်းပေါင်း ၁၇ သင်းခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အကြီးတန်းနှင့် အငယ်တန်းဟူ၍ နှစ်တန်းခွဲကာ ဆုသုံးဆုစီ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ 

R-01