News

POST TYPE

LATEST NEWS POST

ဟားခါးမြို့သစ်စီမံကိန်းဧရိယာရှိ ကျူးကျော်နေအိမ်များကို ရှင်းလင်း
20-Aug-2019


ကလေး၊ ဩဂုတ် ၂၀

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ဟားခါးမြို့သစ်စီမံကိန်းဧရိယာအတွင်း ဝင်ရောက်နေထိုင်သည့် ကျူးကျော်နေအိမ်များကို ရှင်းလင်းဖယ်ရှားမှုကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက်က လုပ်ဆောင်ခဲ့ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

အဆိုပါနေအိမ်များကို မရှင်းလင်းမီ လွန်ခဲ့သည့် တစ်လကျော်မှ စတင်၍ ကျူးကျော်နေထိုင်သူများအနေဖြင့် ဖယ်ရှားပေးရန် စာထုတ်ခဲ့သော်လည်း ဖျက်သိမ်းပြောင်းရွှေ့ခြင်းမရှိသည့် နေအိမ်များကို ပြည်နယ်အစိုးရက ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ဒီမြေကွက်ကို ဘိုးဘွားပိုင်မြေဆိုလို့ မြေကွက်ပိုင်ရှင်စီက ဝယ်ပြီးတော့မှ ဘိုးဘွားပိုင်မြေဆိုတာ မရှိဘူးဆိုပြီး ဖျက်တယ်။ အိမ်ကို ဖျက်သွားရင်တော့ ဒီမြေကွက်ထဲမှာပဲ တဲထိုးပြီးနေမယ်လို့ စိတ်ကူးထားတယ်။ ဖျက်ရင်တော့ ဘယ်မှာသွားနေမလဲ”ဟု အဆိုပါနေရာတွင် လွန်ခဲ့သည့် ၂ နှစ်ကျော်မှ စတင်နေထိုင်ခဲ့သူ ဦးလန်ခီးယာက ပြောဆိုသည်။

ဟားခါးမြို့ပြ စီမံကိန်းဧရိယာအတွက်ဟုဆိုကာ ပြည်နယ်အစိုးရအဖွဲ့က မြေယာများသိမ်းဆည်းခဲ့သည့်အပေါ် ဘိုးဘွားပိုင် မြေများကို မတရားသိမ်းယူသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ပွဲကို ဟားခါးမြို့နေသူများက၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်းက လည်းကောင်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ကလည်းကောင်း ပြုလုပ်ခဲ့ကြသည်။

R-20


  • VIA