News

POST TYPE

LATEST NEWS POST

ကျောင်းသားများ ဆန္ဒပြလျှင် ခွင့်တောင်းရန် ညွှန်ကြားချက်ကို ၄ ရက်အတွင်း ပြန်ရုပ်သိမ်း
20-Aug-2019
ရန်ကုန်၊ ဩဂုတ် ၁၉

တက္ကသိုလ်ကျောင်းသားများ ဆန္ဒပြလိုလျှင် ခွင့်တောင်းရမည့် ညွှန်ကြားချက်ကို အဆင့်မြင့်ပညာ ဦးစီးဌာနက ညွှန်ကြားစာထုတ်ပြန်ပြီး ၄ ရက်အတွင်း ဩဂုတ် ၁၇ ရက် ရက်စွဲဖြင့် လွှမ်းမိုးပယ်ဖျက်စာ ထပ်မံထုတ်ပြန်၍ ပြန်လည်ရုပ်သိမ်းခဲ့သည်။

ကျောင်းသားများ ဆန္ဒပြလိုပါက အကြောင်းအရာ၊ နေရာ၊ နေ့ရက်၊ အချိန်နှင့် လူဦးရေတို့ကို တိုင်းအစိုးရအဖွဲ့၊ ခရိုင်/မြို့နယ် ထွေ/အုပ်နှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့ထံ တင်ပြရမည်ဖြစ်ကြောင်း ဩဂုတ် ၁၃ ရက်က ညွှန်ကြားခဲ့သည်။

ထို့ပြင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြခြင်းမရှိဘဲ ဆန္ဒဖော်ထုတ်ခဲ့လျှင် ဥပဒေအရ အမှုဖွင့်ကာ တရားစွဲမည်ဖြစ်ကြောင်း ညွှန်ကြားချက်တွင် ထုတ်ပြန်အသိပေးခဲ့ပြီး ပါမောက္ခချုပ်များမှတစ်ဆင့် ကျောင်းသားများကို အသိပေးခြင်းများပြုလုပ်ခဲ့သည်။

ယင်းညွှန်ကြားချက်ကို ကျောင်းသားများနှင့် ဆရာများက ကန့်ကွက်ခြင်းကြောင့် ညွှန်ကြားချက်ထုတ်ပြီး ၄ ရက်အတွင်း လွှမ်းမိုးပယ်ဖျက်စာထုတ်ပြန်ခဲ့ပြီး ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း အဆင့်မြင့် ပညာဦးစီးဌာနထံမှ သိရသည်။

“ပညာရေးဌာနက စာထုတ်ပြီး ကျောင်းသားတွေက လက်မခံဘူး။ အများစုက လက်မခံဘူးဆိုရင် ပြန်ရုပ်သိမ်းရတာပဲ”ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ပြောကြားသည်။

ယင်းညွှန်ကြားချက်ထုတ်ပြီး ရက်ပိုင်းအတွင်း ဆရာများသမဂ္ဂ (ကိုယ်စားပြု ကော်မတီ) က ဒီမိုကရေစီအစိုးရလက်ထက်တွင် ရုပ်ဆိုးစေပြီး အစိုးရ၏ နိုင်ငံရေး အကျိုးစီးပွားအလို့ငှာ ကျောင်းဝင်းအတွင်း ကျောင်းသားများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တားမြစ်သည့် ညွှန်ကြားချက်ဖြစ်ကြောင်း စာထုတ်ပြန်ကန့်ကွက်ခဲ့သည်။ 

ယင်းညွှန်ကြားချက်ပယ်ဖျက်ခြင်းနှင့် ပတ်သက်ပြီး ဆရာသမဂ္ဂများ (ကိုယ်စားပြုကော်မတီ) တွင် ပါဝင်သူလည်းဖြစ်၊ ဒဂုံတက္ကသိုလ်ဆရာများ သမဂ္ဂဥက္ကဋ္ဌလည်းဖြစ်သည့် ဒဿနိကဗေဒဌာန၊ လက်ထောက်ကထိက ဦးလှမျိုးက “ဒါကအစကတည်းက မဖြစ်သင့်ဘူး။ အခုလိုမျိုး ပြန်ရုပ်သိမ်းတာကို ကြိုဆိုပါတယ်”ဟု ပြောကြားသည်။

ထို့အပြင် ခေတ်အဆက်ဆက်တွင် ကျောင်းသား၊ ဆရာတို့သည် မည်သည့် နိုင်ငံရေးအဖွဲ့အစည်း လက်အောက်ခံ မဟုတ်ဘဲ လွတ်လပ်စွာ ရပ်တည်ခဲ့ပြီး တက္ကသိုလ်နယ်မြေအတွင်း လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခြင်းနှင့် လှုပ်ရှားဆောင်ရွက်မှုများတွင် မည်သည့်အာဏာပိုင်အဖွဲ့ အစည်း၏ ခွင့်ပြုချက်ရယူရန် မလိုကြောင်း အဆိုပါကန့်ကွက်စာတွင် ထည့်သွင်း ဖော်ပြခဲ့ကြသည်။ 

ကျော်ဖြိုး


  • VIA