News

POST TYPE

LATEST NEWS POST

စည်ပင်လုပ်ငန်းများ ပြည်သူကိုချပြဆွေးနွေးရန် မကွေးတိုင်းစည်ပင်ဝန်ကြီးပြောကြား
19-Aug-2019


ချောက်၊ သြဂုတ် ၁၉

မကွေးတိုင်းအတွင်း မြို့နယ်စည်ပင်သာယာအဖွဲ့များအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမလုပ်ဆောင်မီ လုပ်ငန်းစဉ်များကို ဒေသခံပြည်သူများထံချပြဆွေးနွေးရန်နှင့် ဆွေးနွေးမှုမှတ်တမ်းများကို တင်ပြရမည်ဖြစ်ကြောင်း မကွေးတိုင်းစည်ပင်ဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

တိုင်းစည်ပင်ဝန်ကြီးနှင့်အတူ စည်ပင်ညွှန်ကြားရေးမှူးပါဝင်သောအဖွဲ့သည် ဆိပ်ဖြူမြို့နယ်စည်ပင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဆောင်ရွက်သောဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သြဂုတ်၁၈ရက်က ကွင်းဆင်းစစ်ဆေးပြီး အဆိုပါရုံး၌ လုပ်ငန်းဆောင်ရွက်ထားမှု အစီရင်ခံတင်ပြစဉ် ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“လူထုအခြေပြုသဘောထားတွေ ကျွန်တော်တို့ဌာနတွေက စပြီးလုပ်ပြမှ အခြားဌာနတွေပါ ထဲထဲဝင်ဝင်လုပ်လာမှာ။အထူးသဖြင့် လူထုအခြေပြုသဘောထားကို ကျွန်တော်တို့ လူမှု၊ လူတွေကြားထဲက လုပ်ငန်းတွေမှာ ပိုပြီးတော့ တောင်းရမှာ၊ ဆွေးနွေးရမှာ”ဟု မကွေးတိုင်းစည်ပင်ဝန်ကြီး ဦးဇော်မင်းက ပြောကြားသည်။

ထို့ပြင် စီမံကိန်းရေးဆွဲရာတွင် ကွင်းဆင်းပြီးမှ ဘတ်ဂျက်တွက်ချက်ရေးဆွဲတင်ပြရန်၊ စီမံကိန်းများကို ပြည်ထောင်စုအစိုးရထံ တင်ပြရသဖြင့်လုပ်ငန်းပြောင်းလဲရန် ခက်ခဲကြောင်းနှင့် တစ်နှစ်ချင်းလုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များကို လေးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲရန် ဦးဇော်မင်းက ပြောကြားသည်။

ထို့ပြင် တင်ဒါခေါ်လျှင်လည်း တင်ဒါမခေါ်မီ မြေနေရာအရှုပ်အရှင်းရှိ၊ မရှိနှင့် ကင်းရှင်းရေး၊ လမ်းနယ်နိမိတ်အကျယ်ကို ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းမြေအမျိုးအစားစစ်ဆေးခြင်း၊ ကျူးကျော်နေအိမ်ရှိလျှင် မြေစာရင်းဌာနနှင့်ပေါင်း၍ စစ်ဆေးခြင်း၊ ထည့်သွင်းရမည့်ရေမြောင်းစသည့်တို့ကို တွက်ချက်ပြီးမှ တင်ဒါခေါ်ရန် ၎င်းက ထပ်မံပြောကြားသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း ဆိပ်ဖြူမြို့နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ယင်းမြို့စည်ပင်က ငွေလုံးငွေရင်း အသုံးစရိတ် ကျပ်သန်း ၂၄၀ကျော်သုံးစွဲပြီး လုပ်ငန်းအစု ၁၅မျိုးကို တင်ဒါစနစ်ဖြင့်လည်းကောင်း၊ ယင်းမြို့စည်ပင်မှလုပ်ငန်း ၃မျိုးဆောင်ရွက်ကြောင်း ယင်းမြို့နယ်စည်ပင်ထံမှ သိရှိရသည်။

R-24




  • VIA