News

POST TYPE

LATEST NEWS POST

တရုတ်၏ ခြိမ်းခြောက်မှုများရှိနေသော်လည်း ကြီးမားသော ချီတက်ဆန္ဒပြပွဲကြီး ဆင်နွှဲမည်ဟု ဟောင်ကောင်ဆန္ဒပြသူများ ကတိပြု
19-Aug-2019


ဟောင်ကောင်၊ ဩဂုတ် ၁၈

ဟောင်ကောင်ဆန္ဒပြသူများသည် တရုတ်အာဏာပိုင်များ၏ သတိပေးခြိမ်းခြောက်မှုများ မြင့်တက်လာနေသော်လည်း ၎င်းတို့၏ ဆန္ဒပြလှုပ်ရှားမှုဆက်လက်၍ အားကောင်းနေဆဲဖြစ်ကြောင်း ပြသရန် ကြီးမားသော လူထုချီတက်ပွဲကြီးတစ်ရပ်ကို ဩဂုတ် ၁၈ ရက် ညနေပိုင်းတွင် ဆင်နွှဲနိုင်ရန် မျှော်လင့်ထားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ရက်သတ္တပတ် ၁၀ ပတ်ခန့်ရှိပြီဖြစ်သော ဆန္ဒပြပွဲများကြောင့် နိုင်ငံတကာ ဘဏ္ဍာရေးဗဟိုချက်ဖြစ်သော ဟောင်ကောင်သည် အကျပ်အတည်းကျရောက်လျက်ရှိပြီး တရုတ်အာဏာပိုင်များဘက်က ကြမ်းတမ်းပြင်းထန်သော ဆန္ဒပြသမားများ၏ လုပ်ရပ်များကို “အကြမ်းဖက်သမားနှင့် အလားသဏ္ဌာန်တူသော” လုပ်ရပ်များဟု ပိုမို၍ စွပ်စွဲတံဆိပ်ကပ် ပြောဆိုလာမှုများ အပါအဝင် ပြင်းပြင်းထန်ထန်သတိပေး ပြောဆိုမှုများ မြင့်တက်လာလျက်ရှိသည်။

ရဲများနှင့် အမာခံဆန္ဒပြသူများကြား ထိပ်တိုက်ရင်ဆိုင်တွေ့မှုများ ဖြစ်ပွားထားသော်လည်း ဆန္ဒပြလှုပ်ရှားမှုမှာ တရုတ်အာဏာပိုင်များထံမှ သို့မဟုတ် မြို့တော်၏ရွေးကောက်ခံမဟုတ်သော ခေါင်းဆောင်ပိုင်းထံမှ လိုက်လျောချက် အနည်းငယ်ကို ရရှိထားသည်။

ပြီးခဲ့သောအင်္ဂါနေ့က ဆန္ဒပြသူများသည် ဟောင်ကောင်လေဆိပ်တွင်ခရီးသည်များကို ပိတ်ဆို့တားဆီးခဲ့ပြီးနောက်ပိုင်းတွင် အမျိုးသား ၂ ဦးကို တရုတ်သူလျှိုများဟု စွပ်စွဲကာ ကိုယ်ထိလက်ရောက်ကျူး လွန်မှုများပြုခဲ့သည်။

ထိုဖြစ်ရပ်မှာ ယခင်က ရဲတပ်ဖွဲ့ သို့မဟုတ် အစိုးရဌာနများကိုသာ ပစ်မှတ်ထားခဲ့သော ဆန္ဒပြလှုပ်ရှားမှု၏ ပုံရိပ်အပေါ် ထိခိုက်မှုရှိခဲ့ကာ ဆန္ဒပြသူများကြားတွင် ပုဂ္ဂိုလ်ရေးခံစားချက်များ ပါဝင်နေကြောင်း ဖော်ပြရာရောက်ခဲ့ရသည်။

တရုတ်အာဏာပိုင်များသည် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ဆန္ဒပြသူများ၏ ကြမ်းတမ်းသောလုပ်ရပ်များအပေါ် ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဆောင်းပါးများ အဆက်မပြတ်ဆိုသလိုပင် ဖော်ပြလျက်ရှိသည်။

ထို့ပြင် တရုတ်နိုင်ငံပိုင်မီဒီယာသည် ဟောင်ကောင်အနီးတွင် စစ်ရေးလေ့ကျင့် အင်အားပြသသည့်ပုံရိပ်များကိုလည်း ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ ထိုကဲ့သို့ စစ်သည်များ စေလွှတ်သည့်လုပ်ရပ်ကို အမေရိကန်ပြည်ထောင်စုက သတိပေးထားသလို လေ့လာသုံးသပ်သူများကလည်း ထိုလုပ်ဆောင်မှုမှာ တရုတ်နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်ပြီး စီးပွားရေးအရ ကြီးမားသော ထိခိုက်မှုများရှိလာနိုင်သည်ဟု ပြောကြားထားသည်။

အင်္ဂါနေ့က လေဆိပ်တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့်ပတ်သက်ပြီး ဆန္ဒပြအဖွဲ့ အချို့က ပြန်လည်တောင်းပန်ခဲ့ကာ ဩဂုတ်၊ ၁၀ ရက်နေ့တွင် ကြီးမားသော လူထုချီတက်ပွဲကြီး ဆင်နွှဲရန် ကတိပြုပြောကြားခဲ့သည်။

F-06


  • VIA