News

POST TYPE

LATEST NEWS POST

ရှမ်းမြောက်တိုက်ပွဲကြောင့် ပြည်ပခရီးသွားများ သီပေါခရီးစဉ်ဖျက်
19-Aug-2019

မန္တလေး၊ ဩဂုတ် ၁၈

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ရှမ်းပြည်မြောက်ပိုင်းမြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်ပခရီးသွားများက သီပေါခရီးစဉ်ကို ဖျက်သိမ်းမှုများရှိနေကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ထံမှ သိရသည်။

ခရီးသွားများက ပုံမှန်ခရီးစဉ်များအဖြစ် မန္တလေး၊ ပြင်ဦးလွင်၊ သီပေါမှ ပြင်ဦးလွင်၊ မန္တလေးခရီးစဉ်များအဖြစ် သွားလာကြပြီး သီပေါခရီးစဉ်မှာ ဖျက်သိမ်းမှုများ ရှိသော်လည် ပြင်ဦးလွင်ခရီးစဉ်ကိုမူ ပုံမှန်အတိုင်း သွားလာကြကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးမျိုးရီက ပြောကြားသည်။

“အဓိကကတော့ သီပေါခရီးစဉ်တွေပေါ့။ ဒီခရီးစဉ်တွေက ဖျက်လိုက်တယ်။ ဒါပေမဲ့လို့ ပြင်ဦးလွင်ခရီးစဉ်တွေကတော့ မဖျက်ဘူး။ အေးဆေးပဲဆိုတော့ အုပ်စုလိုက်ရော တစ်ဦးတစ်ယောက်ချင်းရော သွားနေကြပါတယ်။ ကမ္ဘာလှည့်ခရီးသည်တွေ အေးအေးချမ်းချမ်း သွားနေပါတယ်”ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော် နည်းပညာတက္ကသိုလ်၊ နောင်ချိုမြို့အထွက် ပြင်ဦးလွင်တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်းရဲစခန်း၊ နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါး စစ်ဆေးရေးဂိတ်နှင့် နယ်မြေခံတပ်ရင်းဌာနချုပ်တစ်ခုတို့ကို ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ် ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယင်းနောက်တွင်လည်းထပ်မံ၍ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း မြို့အချို့တွင် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ တိုက်ပွဲများကြောင့် လားရှိုးမြို့နှင့် သီပေါမြို့တို့သို့ ရောက်ရှိနေသည့် ပြည်ပခရီးသွား ၅၇ ဦးကို လေကြောင်းခရီးစဉ်များဖြင့် လားရှိုးမြို့မှ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ဟဲဟိုးမြို့များသို့ လေကြောင်းခရီးစဉ်များဖြင့် ဩဂုတ်လ ၁၇ ရက်နေ့တွင် ပြန်လည် ထွက်ခွာနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။

M-05