News

POST TYPE

LATEST NEWS POST

ဟောင်ကောင်ဆန္ဒပြသူများ ချာတာပန်းခြံတွင် စုဝေးကာ ချီတက်ဆန္ဒပြ
17-Aug-2019

ဟောင်ကောင်၊ ဩဂုတ် ၁၇

ဟောင်ကောင်ပြည်သူ ထောင်ပေါင်းများစွာသည် သောကြာနေ့ညက ချာတာပန်းခြံတွင် အင်အားပြစုဝေးခဲ့ကြပြီး ချီတက်ဆန္ဒပြခဲ့ကြသည်ဟု CAN သတင်းတွင် ဖော်ပြထားသည်။

ဟောင်ကောင်ကျောင်းသားသမဂ္ဂများက စည်းရုံးလှုံ့ဆော်ခဲ့သည့် “ဟောင်ကောင်နှင့်အတူ ရပ်တည်ကြ၊ ပြည်သူ့ဆန္ဒပြပွဲကို အားဖြည့်ကြ”ဆန္ဒပြပွဲသည် နိုင်ငံခြားအစိုးရများထံမှ ထောက်ခံအားပေးမှုကို တောင်းဆိုခြင်းဖြစ်သည်။

ဆန္ဒပြသူများ၏ တောင်းဆိုချက်များထဲတွင် ၁၉၈၄ တရုတ် ဗြိတိန် ပူးတွဲ ကြေညာစာတမ်းကို တရုတ်ဘက်က ချိုးဖောက်ခဲ့သည်ဟု ဗြိတိန်က ကြေညာပေးရန် အချက်လည်း ပါဝင်သည်။

၁၉၈၄ ကြေညာစာတမ်းသည် ၁၉၉၇ တွင် ဗြိတိန်ထံမှ တရုတ်လက်သို့ လွှဲပြောင်းပေးပြီးနောက် ဟောင်ကောင်ကို မည်သို့ အုပ်ချုပ်ရမည်ဆိုသော အသေးစိတ် စည်းမျဉ်းများကို ဖော်ပြထားသည်။

ထိုစာချုပ်သည် လက်တွေ့ကျခြင်း မရှိတော့သော သမိုင်းဝင် အထောက်အထားတစ်ခုသာ ဖြစ်သည်ဟု ဘေဂျင်းကပြောဆိုထားပြီး ယူကေဘက်ကမူ တရုတ်နိုင်ငံက လိုက်နာရန် ဝတ္တရားရှိနေဆဲဖြစ်ပြီး ဥပဒေအရ အကျုံးဝင် သက်ရောက်မှုရှိနေဆဲဖြစ်သည်ဟု ပြောကြားသည်။

ဆန္ဒပြဟောင်ကောင်ပြည်သူများက ဟောင်ကောင်၏ အခြေခံ လွတ်လပ်ခွင့်များကို ဖိနှိပ်ခံရမှုတွင် တာဝန်ရှိသူများကို အရေးယူပိတ်ဆို့ရန် အမေရိကန်နှင့် ဗြိတိန်ကို တောင်းဆိုခဲ့ကြသည်။

ပြီးခဲ့သော လပိုင်းများအတွင်း အရေအတွက် သန်းနှင့်ချီသော ဟောင်ကောင်ပြည်သူများသည် လမ်းများပေါ်သို့ ထွက်လာခဲ့ကြပြီး ဒီမိုကရေစီကို တောင်းဆိုခဲ့ကြရာ ရဲများနှင့် ဆန္ဒပြသူများအကြား အကြမ်းဖက် ရုန်းရင်းဆန်ခတ်မှုများ တိုးမြှင့်ဖြစ်ပေါ်လာခဲ့သည်။

ဟောင်ကောင်လေဆိပ်တွင် ဆန္ဒပြမှုများကြောင့် ခရီးစဉ်ပေါင်း ၁၀၀၀ နီးပါးကို ဖျက်သိမ်းခဲ့ရပြီးနောက် ငြိမ်းချမ်းစွာ ထိုင်ရာမထ ဆန္ဒပြမှုများသည် ရုန်းရန်းဆန်ခတ် ဖြစ်စဉ်များအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။

သောကြာနေ့က ဆန္ဒပြမှုများတွင် ဘဏ်လုပ်ငန်းရှင်များမှသည် အငြိမ်းစား သူနာပြုများအထိ ပါဝင်ဆင်နွှဲခဲ့ကြပြီး ရဲများကဘေးမှ စောင့်ကြည့်နေခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးခဲ့သည်။

ယခု သီတင်းပတ်ကုန်ရက်တွင် နောက်ထပ်ဆန္ဒပြပွဲများကို စီစဉ်ထားကြပြီး အကြမ်းဖက်တားဆီးမှုများရှိသည့်တိုင် တနင်္ဂနွေနေ့တွင် အရေအတွက် ကြီးမားစွာ စုဝေးကြမည်ဟု ဆိုသည်။

တနင်္ဂနွေနေ့ လူထုစည်းဝေးပွဲကို ဗစ်တိုးရီးယားပန်းခြံတွင်သာ စုဝေးရန် ခွင့်ပြုမိန့်ရရှိထားပြီး လုံခြုံရေးစိုးရိမ်ရမှုများကြောင့် ချီတက်ပွဲကို ခွင့်ပြုမည်မဟုတ်ဟု သိရှိရသည်။

စနေနေ့တွင် ကောင်လုံး ဟမ်ဟုမ်း ခရိုင်တွင် ပြုလုပ်မည့် ချီတက်ပွဲကိုလည်း အာဏာပိုင်များက ပိတ်ပင်ထားသည်။

ဟောင်ကောင် ဆန္ဒပြသူများအပေါ် ရဲများ၏ အရေးယူဆောင်ရွက်မှုမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။ လေယာဉ်ကွင်းတွင် ဘေးကင်းလုံခြုံမှုကို အန္တရာယ်ပေးသူ မှန်သမျှအား ထောင်ဒဏ် တစ်သက်ချမည်ဟု ယာယီရဲမင်းကြီး မန်ပွန်ယန်းက သောကြာနေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ ဇွန်လနောက်ပိုင်း ဖမ်းဆီးခံရသော ဆန္ဒပြသူ ၇၅၀ ခန့်ရှိနေပြီဖြစ်သည်။

F-04