News

POST TYPE

LATEST NEWS POST

မိုင်းခွဲဖျက်ဆီးခံရသည့် ဂုတ်တွင်းတံတား သွားလာနိုင်ရေး စတင်လုပ်ဆောင်
17-Aug-2019

ဓာတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

မန္တလေး၊ ဩဂုတ် ၁၇

မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသည့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်း တံတားကို ဘေလီတံတားတည်ဆောက်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၁၇ ရက်နေ့ ညနေအထိ ကြမ်းခင်းများခင်းထားပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“ခုလက်ရှိအချိန်အထိတော့ ကြမ်းခင်းတွေခင်းနေပြီ။ ဆောက်လုပ်ရေးအင်ဂျင်နီယာတွေက ကြီးကြပ်ဆောင်ရွက်နေပါတယ်။ လုံခြုံရေးလည်းချထားရတယ်။ အမြန်ဆုံးပြီးအောင်လုပ်နေကြပါတယ်”ဟု နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှုး ဦးစစ်အောင်လတ်က ပြောဆိုသည်။

လားရှိုး- မန္တလေးကားလမ်းရှိ ဂုတ်တွင်းတံတားသည် ဩဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်း၌ မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းသို့ဖျက်ဆီးခံခဲ့ရသည့်အတွက်ကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေး၊ ပြင်ဦးလွင်တို့သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားခဲ့ရပြီး လက်ရှိတွင် ယာယီဘေလီသံဘောင်များခင်းသွားမည် ဖြစ်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနက အရှည်ပေ ၂၁၀ ဖြင့် နှစ်လမ်းသွား ဘေလီတံတားတည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ၊ လားရှိုး၊ သိန်းနီနှင့် ကွမ်းလုံမြို့နယ်တို့တွင် မြောက်ပိုင်းမဟာမိတ်တပ်များနှင့် တပ်မတော်တို့ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး၊ တံတားနှစ်စင်းလည်း ထပ်မံဖျက်ဆီးခံထားရသည်။

အဆိုပါဂုတ်တွင်းယာယီဘေလီတံတားကို ဩဂုတ်လ ၂၀ ရက်နေ့တွင် ပြီးစီးနိုင်ရန် ဆောက်လုပ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

M-01၊ M-04