News

POST TYPE

LATEST NEWS POST

ပုဂံအဆောက်အဦးအမှတ် ၄၄၈ ပေါ်တွင် ကိုရီးယာနိုင်ငံသားတစ်ဦးသေဆုံး
16-Aug-2019

မန္တလေး၊ သြဂုတ် ၁၆

ညောင်ဦးမြို့နယ်၊ မင်းနန်သူကျေးရွာ လေးမျက်နှာဘုရားဝင်းအတွင်းရှိ အဆောက်အဦးအမှတ် ၄၄၈ပေါ်တွင် ကိုရီးယားနိုင်ငံသားတစ်ဦး သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှသိရသည်။

ရှေးဟောင်း အဆောက်အအုံအမှတ် (၄၄၈) သည် လေးမျက်နှာအုတ်ကျောင်း၏ အနောက်တောင်ထောင့်၊ မြေပြင်မှ ၁၅ ပေခန့်၊ အုတ်ကျောင်းလှေကား၏ ပထမဆင့်နေရာ၌ ကိုရီးယားနိုင်ငံသားတစ်ဦး သေဆုံးလျက်ရှိသည်ကို သြဂုတ်လ ၁၆ ရက် နံနက် ၁၁ နာရီကျော်တွင်တွေ့ရှိခဲ့ပြီး သေဆုံးမှု အကြောင်းအရင်းကို စစ်ဆေးနိုင်ရန် ရုပ်အလောင်းကို ကရုဏာရှင် နာရေးကူညီမှုကားဖြင့် ညောင်ဦးဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထုတ်ပြန်ချက်များအရသိရသည်။

ပုဂံဘုရားများပေါ်မှ ခရီးသွားများ ပြုတ်ကျမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ဖူးကြောင်း၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံသား (၁)ဦး ရွှေဂူကြီးဘုရား ကွမ်းတောင်အထက်ပိုင်းသို့ တက်ရောက်ရာမှပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ခြင်း၊၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဂျာမနီနိုင်ငံသူ (၁) ဦး မင်းနန်သူတောင်ဘက် ဘုရားအမှတ် (၅၇၁)မှ ပြုတ်ကျခဲ့ရာ ညာဘက်နံရိုးနှစ်ချောင်းကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အမေရိကန်နိုင်ငံသူ (၁)ဦး ဝတ္တနတောဘုရားစု ဘုရားအမှတ် (၃၅၂) တွင် ရှုခင်းအလှ ဓာတ်ပုံရိုက်ကူးရာမှပြုတ်ကျ၍ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံ၌ သေဆုံးခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မတ်လတွင် ဂျာမနီနိုင်ငံသူ (၁) ဦး မြင်းကပါကျေးရွာအနီးရှိ ဘုရားအမှတ် (၁၂၉၁) တွင် ရှုခင်းအလှဓာတ်ပုံရိုက်ကူးရာမှပြုတ်ကျ၍ ဦးခေါင်းပိုင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်နိုင်ငံသူ (၁) ဦး အနောက်လိုဏ်ရှည် ဘုရားအမှတ် (၃၈၆) မှ ပြုတ်ကျခဲ့ရာ ညာဘက်တင်ပဆုံရိုးနှင့် ခြေသလုံးရိုးကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်း၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် ပြင်သစ်နိုင်ငံသား (၁) ဦး ရှင်အရဟံသိမ်၏အရှေ့ဘက် ဘုရားအမှတ် (၁၂၈၉)မှ ပြုတ်ကျ၍ ညာဘက် ဒူးခေါင်း ဂုံညင်းရိုးကျိုး၍ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံများသည် သက်တမ်းအားဖြင့် နှစ်ကာလကြာမြင့်နေသော အုတ်အဆောက်အအုံများဖြစ်သောကြောင့် ဘုရားပေါ်သို့ တက်ရောက်သူများအနေဖြင့် ဘေးအန္တရာယ်ရှိနိုင်သည့်အတွက် တက်ရောက်ခြင်းမပြုကြရန် အသိပညာပေး ဆိုင်းဘုတ်များချိတ်ဆွဲခြင်း၊ ဟောပြောခြင်းများ၊ ဘုရာများပေါ် မတက်ရောက်နိုင်စေရန် သံတံကာတပ်ဆင်ခြင်းများ ပြုလုပ်ထားသည်။

M-05