News

POST TYPE

LATEST NEWS POST

ဆန္ဒပြအုပ်စုများ လေဆိပ်မှ ပြန်လည်ဆုတ်ခွာသွားသော်လည်း ဟောင်ကောင်တွင် ရုန်းရင်းဆန်ခတ်မှုများ ပြည့်နှက်နေဆဲ
14-Aug-2019


ဟောင်ကောင်၊ ဩဂုတ် ၁၄

ဆန္ဒပြသူများ ပိတ်ဆို့ခြင်းခံနေရသော ဟောင်ကောင်လေဆိပ်မှ ဆန္ဒပြအင်အားစုများ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သော်လည်း ဟောင်ကောင်မြို့၏ အခြေအနေမှာ ရုန်းရင်းဆန်ခတ်မှုများနှင့် ပြည့်နှက်နေဆဲဖြစ်ကြောင်း Bangkok Post သတင်းစာက ရေးသားဖော်ပြသည်။

ဒီမိုကရေစီရေးဆန္ဒပြသူများသည် ဟောင်ကောင်လေဆိပ်ကို နှစ်ရက်တာမျှ ပိတ်ဆို့ဆန္ဒပြခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ပြန်လည် ဆုတ်ခွာသွားကြသည်။

လေဆိပ်ဆန္ဒပြမှုတွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက် ပဋိပက္ခဖြစ်ပွားခဲ့သည်။ ဆန္ဒပြသူများက ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ဝိုင်းရိုက်ခဲ့ကြရာ ယင်းရဲက သေနတ်ထုတ်ကာ ခြိမ်းခြောက်ရသည်အထိ ဖြစ်ခဲ့သည်။ အခြားသော ရဲတပ်ဖွဲ့ဝင်များကမူ ဆန္ဒပြသူများကို ငရုတ်ကောင်းစပရေးများဖြင့် ပက်ဖျန်းကာ လူစုကွဲအောင်ကြိုးပမ်းခဲ့သည်။

ဟောင်ကောင်တွင် သီတင်းပတ် ၁၀ ပတ်ကျော်ကြာဖြစ်ပွားခဲ့သည့် ဒီမိုကရေစီရေး ချီတက်ဆန္ဒပြမှုများက ဟောင်ကောင်၏ ခရီးသွားလုပ်ငန်း အပါအဝင် စီးပွားရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သလို တရုတ်ပြည်မကြီးအစိုးရကိုလည်း ကြီးမားသည်စိန်ခေါ်မှုတစ်ခုသဖွယ် ဖြစ်စေခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကမူ တရုတ်ပြည်မကြီးအစိုးရ (ဘေဂျင်း) သည် ဟောင်ကောင်တွင်ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများ အဆုံးသတ်ရေးအတွက် စစ်အင်အားသုံးကာ ဝင်ရောက်စွက်ဖက်ရန် စီစဉ်နေဖွယ်ရှိသည်ဟုဆိုသည်။ ဟောင်ကောင်နယ်စပ်ဒေသတွင် တရုတ်တပ်ဖွဲ့များ လှုပ်ရှားနေသည်ဟု အမေရိကန် ထောက်လှမ်းရေးက အတည်ပြုထားပြီး ဖြစ်သည်ဟုလည်း ထရမ့်ကဆိုသည်။

ပြီးခဲ့သည့် တနင်္လာနှင့် အင်္ဂါနေ့တို့တွင် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက တီရှပ်အနက်များ ဝတ်ဆင်ကာ ဟောင်ကောင်လေဆိပ်ကို ထိန်းချုပ်ခဲ့ရာ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းပစ်ခဲ့ရသည်အထိဖြစ်ခဲ့သည်။

အင်္ဂါနေ့ ညနေပိုင်းတွင် လေဆိပ်ထဲ၌ ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့သလို ခရီးသည်များနှင့်လည်း အချင်းများခဲ့ကြသည်။

လေဆိပ်တွင်ပိတ်နေသော ခရီးသည်များက ဒေါသဖြင့်တုံ့ပြန်ရာမှ ဆန္ဒပြသူများနှင့် ပြဿနာတက်ခဲ့ကြကြောင်း မျက်မြင်သက်သေများက ဆိုသည်။

ဆန္ဒပြပွဲများသည် အစပိုင်းတွင် အငြင်းပွားဖွယ် တရားခံလွှဲပြောင်းပေးရေး ဥပဒေဖျက်သိမ်းရေးကို ဦးတည်ခဲ့သည်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ယင်းဥပဒေကိစ္စ လုံးဝ မရှိတော့ပါကြောင်း မည်သို့ပင် အာမခံပြောဆိုခဲ့သော်လည်း ဆန္ဒပြမှုများမှာ လျော့ကျသွားခြင်းမရှိပေ။

ထို့ပြင် အစပိုင်းတွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်သည့်သဘောမျိုး ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆူပူအကြမ်းဖက်မှုများပါ ပူးတွဲဖြစ်ပေါ်လာသည်။

F-01