News

POST TYPE

LATEST NEWS POST

အနာဂတ်အလင်းတန်း မြန်မာဖောင်ဒေးရှင်း မြေပြိုမှုကယ်ဆယ်ရေး သိန်း ၃၅၀ ထောက်ပံ့
14-Aug-2019

ရန်ကုန်၊ ဩဂုတ် ၁၄

အနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) က မြေပြိုကျမှု ဖြစ်ပွားခဲ့သည့် ဒေသတစ်ဝိုက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် Yangon Rescue Organisation ကို လှူဒါန်းငွေ ကျပ်သိန်း ၃၅၀ ကူညီထောက်ပံ့ပေးခဲ့ကြောင်း ယင်းဖောင်ဒေးရှင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

Yangon Rescue Organisation သည် မြန်မာနိုင်ငံအနှံ့တွင် အသင်းပေါင်း ၁၀၃ သင်းနှင့် လူနာတင်ယာဉ် ၂၈၂ စီးဖြင့် ဖွဲ့စည်းထားပြီး မီးဘေး၊ ရေဘေးနှင့် သဘာဝဘေးများကို အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။

BFM ၏ လှူဒါန်းမှုမှတစ်ဆင့် မြေပြိုမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ဒေသခံမိသားစုများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၁၀ သိန်းစီ လက်ခံရရှိမည်ဖြစ်ပြီး အဆိုပါမြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ၍ မော်လမြိုင်ဆေးရုံတွင် ဆေးကုသမှုခံယူနေသူများအတွက် တစ်ဦးလျှင် ငွေကျပ် တစ်သိန်းစီ ပေးအပ်ခဲ့ကြောင်း၊ ထို့ပြင် ဘုန်းတော်ကြီးကျောင်း ပြန်လည်တည်ဆောက်ရေးအတွက် ငွေကျပ် သိန်း ၂၀ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လူမှုကူညီရေးအဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေးသမားများအတွက် သောက်ရေသန့်ဘူး ၁၀၀၀၊ ခေါက်ဆွဲခြောက် ဖာ ၂၇၀ ၊ ငါးသေတ္တာ ဘူး ၉၂၀ အပါအဝင် မုန့်နှင့် အခြားလိုအပ်သည့် စားနပ်ရိက္ခာများပါ ကူညီထောက်ပံ့ခဲ့ကြောင်း BFM က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်ပြည်နယ်တွင် ရေကြီးရေလျှံခြင်းနှင့် မြေပြိုမှုဖြစ်ပွားခဲ့ပြီး ယင်းကြောင့် အသက်သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ထုတ်ပြန်ထားသည်။

J-12