News

POST TYPE

LATEST NEWS POST

ဆစ်ဒနီတွင် အမျိုးသားတစ်ဦး ဓားကိုင်တိုက်ခိုက်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရ
14-Aug-2019


ဆစ်ဒနီ၊ ဩဂုတ် ၁၃

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် အမျိုးသားတစ်ဦးက ဓားလွတ်ကိုင် တိုက်ခိုက်ခဲ့ရာ လူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိသွားကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။ 

ဆစ်ဒနီမြို့လယ်ပိုင်းတွင် အဆိုပါ ဓားလွတ်ကိုင်တိုက်ခိုက်မှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်သူဓားသမားမှာ အသက် ၂၁ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်သည်။ ၎င်းသည် ဆစ်ဒနီမြို့ခံ တစ်ဦးဖြစ်ပြီး စိတ်ကျန်းမာရေးချို့ယွင်းနေသူဖြစ်သည်။ 

၎င်းသည် ၎င်းနေထိုင်ရာအိမ်ရာ အဆောက်အအုံတွင် အသက်ရွယ်တူ အမျိုးသမီးတစ်ဦးကို တိုက်ခိုက် သတ်ဖြတ်ခဲ့ပြီးနောက် ဆစ်ဒနီမြို့လယ်တွင် ဓားလွတ်ကိုင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရသည်။ 

နယူးဆောက်ဝေးလ်ရဲတပ်ဖွဲ့မှ ရဲမင်းကြီး မိုက်ဖူလာက အဆိုပါအမျိုးသား သည် အကြမ်းဖက်အုပ်စုများနှင့် ဆက်နွှယ် ပတ်သက်မှုမရှိကြောင်း၊ သို့သော် ၎င်း သည် အမေရိကန်ပြည်ထောင်စုနှင့် နယူးဇီလန်တွင်ဖြစ်ပေါ်ခဲ့သော လူဖြူကြီး စိုးရေး တိုက်ခိုက်မှုများကို ထောက်ခံခဲ့ သူတစ်ဦးဖြစ်ကြောင်း ပြောကြားသည်။

လူအများကိုတိုက်ခိုက်ခဲ့သည့်နေရာမှာ ဆစ်ဒနီမြို့လယ်ရှိ စီးပွားရေးလုပ်ငန်း များစုဝေးတည်ရှိရာတွင်ဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်သည်။ 

တိုက်ခိုက်မှုကြောင့် အသက် ၄၁ နှစ် အရွယ် အမျိုးသမီးတစ်ဦး နောက်ကျောဘက်တွင် ဒဏ်ရာရရှိသွားပြီး ဆေးရုံသို့ တင်ပို့လိုက်ရသည်။ သို့သော် သူမသည် စိတ်ချရသော အခြေအနေတွင်ရှိသည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။ 

ဩစတြေးလျမီဒီယာများ၏ ထုတ်လွှင့်ပြသမှုများတွင် မော်တော်ကားတစ်စီး ခေါင်မိုးပေါ်သို့ ဓားကိုင်ကာ ခုန်တက်နေသည့် အမျိုးသားတစ်ဦးကို တွေ့ရသည်။

အဆိုပါမော်တော်ကား ရွေ့လျားသွားသောအခါ အဆိုပါအမျိုးသားမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး ထိုင်ခုံတစ်လုံးကို ကိုင်ထားသူတစ်ဦးနှင့် ပက်ပင်းတွေ့နေရသည်။ 

အခြားသော ဗီဒီယိုဖိုင်များတွင် အဆိုပါအမျိုးသားကို လူတစ်စုက မြေပြင်ပေါ်၌ ဝန်းလျားမှောက်ခိုင်းထားပုံများပါဝင်သည်။ 

“အဲဒီလူနောက်ကို လူ လေးငါးခြောက်ယောက်လောက် လိုက်သွားကြတယ်၊ ဓားခုတ်တာ တွေထပ်လုပ်လို့ မရအောင် ဝိုင်းတားကြတယ်။ သူတို့ပဲ ဖမ်းမိသွားတယ်”ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြားသည်။ 

F-01



  • VIA