News

POST TYPE

LATEST NEWS POST

ဘူးလက်လှဆွေကို ထုတ်ထားသည့် ဖမ်းဝရမ်း တရားရုံးသို့ ပြန်မရောက်ဟုဆို
14-Aug-2019

ရန်ကုန်၊ သြဂုတ် ၁၄

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မဖြင့် တရားစွဲဆိုထားသူ ဦးလှဆွေ (ဘူးလက်) ကို ရှာမတွေ့သဖြင့် ဂန့်ဂေါ ရဲစခန်းမှ ဖမ်းဝရမ်းအား စာတိုက်မှတစ်ဆင့် အနောက်ပိုင်းခရိုင်တရားရုံးထံသို့ ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ ဝရမ်းရောက်ရှိလာခြင်းမရှိသေးကြောင်း သတင်းပြန်ကြားရေးအရာရှိ ဦးမင်းသန့်က ပြောသည်။

“ဂန့်ဂေါစခန်းမှူးက ဝရမ်းကို ပြီးခဲ့တဲ့ ၉ ရက်နေ့ထဲက စာတိုက်ကနေတစ်ဆင့် တရားရုံးဆီ ပေးပို့လိုက်တယ်လို့ သိရတယ်။ ဒါပေမဲ့ ခုချိန်ထိ တရားရုံးကို ဝရမ်းက ပြန်မရောက်လာသေးဘူး။ ဒါကြောင့် ဒီနေ့ ဝရမ်းထပ်မထုတ် ဖြစ်ဘူး။ လာမယ့် သြဂုတ် ၂၈ ရက်နေ့ ရုံးချိန်းပြန်ချိန်းထားတယ်”ဟု ဦးမင်းသန့်က မီဒီယာများကို ဖြေကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးလှဆွေ (ဘူးလက်) မှာ သြဂုတ် ၃ ရက်နေ့က မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်ခဲ့သည့် တပ်မတော်ထိပ်တန်းအရာရှိများကို အမေရိကန်က အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအား ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲ၌ အစိုးရနှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ လုပ်ဆောင်ချက် များအပေါ် သွယ်ဝိုက်၍ ပြစ်တင်ပြောဆိုခဲ့သည်။

ယင်းအပြင် အမေရိကန်နိုင်ငံမှ ဝင်ရောက်စွပ်ဖက်မှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လက်ရှိအစိုးရက လက်ခံ ဆောင်ရွက်ပေးနေကြောင်း ဟောပြောမှုတွင် ပါဝင်ခဲ့သောကြောင့် နိုင်ငံတော်အစိုးရအပေါ် မလေးစားအောင်၊ မေတ္တာပျက်အောင် လှုံဆော်ပြောဆိုမှု၊ အကြည်ညိုပျက်စေမှုများ ဖြစ်စေသဖြင့် ဦးလှဆွေ (ဘူးလက်) ကို အရေးယူ ဆောင်ရွက်ပေးပါရန် ကျောက်တံတားမြို့နယ်ထွေအုပ်က တရားလိုပြုလုပ်၍ အနောက်ပိုင်းခရိုင် တရားရုံးထံ ဦးတိုက်လျှောက်ထားသည်။

ယင်းလျှောက်ထားချက်ကို တရားရုံးက လက်ခံပြီးနောက် ဦးလှဆွေ (ဘူးလက်) ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄-က ဖြင့် တရားစွဲဆိုခဲ့ပြီး စစ်ဆေးရန် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း ဂန့်ဂေါ မြို့မရဲစခန်းမှ တာဝန်ရှိသူများက ဦးလှဆွေ (ဘူးလက်) ကို ရှာမတွေ့သဖြင့် ဝရမ်းအား စာတိုက်မှတစ်ဆင့် အနောက်ပိုင်းခရိုင် တရားရုံးသို့ ပြန်ပေးပို့ခဲ့သော်လည်း ယနေ့အချိန်ထိ တရားရုံးထံ ဝရမ်းမှာ ရောက်ရှိခဲ့ခြင်း မရှိခဲ့ပေ။

S-03