News

POST TYPE

LATEST NEWS POST

လောင်းလုံးတွင် အားဆေးတစ်မျိုးတိုက်ကျွေးပြီးနောက် ကျောင်းသား တစ်ရာကျော်မူးဝေ၊ အော့အန်
13-Aug-2019


လောင်းလုံး၊ သြဂုတ် ၁၃

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ ကျောင်းသား၊ ကျောင်းသူ တစ်ရာကျော် (၁၂၉) ဦးသည် အားဆေးတစ်မျိုး သောက်ပြီးနောက် ဗိုက်အောင့်မှုဖြစ်ပွားသဖြင့် လောင်းလုံး ဆေးရုံသို့ တင်ပို့ထားရကြောင်း ယင်းကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။

သြဂုတ်လ ၁၃ ရက် နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ထုတ်ပေးထားသည့် Micronutrient ဟုခေါ်သည့် အားဆေးတစ်မျိုးကို ကျောင်းသားများကို တိုက်ကျွေးပြီး မိနစ်ပိုင်းအကြာအတွင် ယင်းကဲ့သို့ မူးဝေ၊ အော့အန်၊ ဗိုက်အောင့်မှုများ ဖြစ်ပွားလာသဖြင့် ဆေးရုံကို တင်ပို့လိုက်ခြင်းဖြစ်ကြောင်း လောင်းလုံးဆေးရုံနှင့် ယင်းကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

ကျောင်းသား၊ ကျောင်းသူ ၃၆၀ ဦးကို ဆေးတိုက်ကျွေးခဲ့ပြီး ယင်းတို့အနက် ကျောင်းသား၊ ကျောင်းသူ ၁၂၉ ဦးကို ဆေးရုံသို့တင်ပို့ခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် တစ်လကျော်က ကျန်းမာရေးဌာနက ထုတ်ပေးထားသော ယင်းအားဆေးများကို ကျန်းမာရေးဌာန ညွှန်ကြားချက်အတိုင်း တိုက်ကျွေးခဲ့ခြင်းဖြစ်ကြောင်း ယင်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မာလာဝင်းက ပြောသည်။

“အဲဒီဆေးသောက်ပြီးတာနဲ့ သောက်ပြီးချင်းမှာ ၇ တန်းက မိန်းကလေးသုံးယောက် စဖြစ်တာ။ ပြီးမှ ၈ တန်းက ကျောင်းသားတွေ ဖြစ်တာ။ အဲဒါနဲ့ ရွာက လူကြီးတွေ၊ ဆရာတွေကို ဖုန်းနဲ့ခေါ်။ သူတို့လဲ ဘာမှမလုပ်တတ်တာနဲ့ ဆေးရုံပို့လိုက်တာ”ဟု ၎င်းက ဆိုသည်။

ဆေးရုံရောက်လာသည့် ကျောင်းသားများကို စမ်းသပ်ကြည့်ရာ အဆိပ်ဖြစ်သည့် လက္ခဏာနှင့် သွေးပေါင်ကျသည့် လက္ခဏာ မရှိကြောင်း လောင်းလုံးဆေးရုံအုပ်ကြီး ဒေါက်တာသူဇာဝင်းက ပြောသည်။

ဆေးရုံရောက်လာသူများအနက် အမှန်တကယ် မူးဝေ၊ အော့အန်၊ ဗိုက်အောင့်နေသူများမှာ ၇၅ ဦးသာရှိကြောင်း လောင်းလုံး ဆေးရုံအုပ်ကြီး ဒေါက်တာသူဇာဝင်းက ပြောသည်။

လိုအပ်သည့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပြီးနောက် ယင်း ၇၅ ဦးအနက် ငါးဆယ်နီးပါးမှာ သက်သာလာသဖြင့် ကျောင်းသို့ ပြန်ပို့လိုက်ကြောင်း အထက်ပါ ဆေးရုံအုပ်ကြီးက ပြောသည်။

ကျန်နှစ်ဆယ်ကျော်မှာ ဆေးရုံတွင် စောင့်ကြည့်ကုသနေဆဲဖြစ်ကြောင်း ဒေါက်တာသူဇာဝင်းက သြဂုတ်လ ၁၃ ရက် ၊ မွန်းလွဲ ၁ နာရီကျော်တွင် ပြောသည်။

Micronutrient အားဆေးမှာ အများအားဖြင့် လူကြီးများသာ သောက်သုံးသည့်ဆေးဖြစ်ပြီး ကလေးများကို တိုက်ကျွေးလိုက်ခြင်းကြောင့် ယင်းကဲ့သို့ မူးဝေ၊ အေ့ာအန်၊ ဗိုက်အောင့်တာတွေဖြစ်ပွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ချို့က အခန့်မသင့်ဘူး။ တစ်ချို့ကလည်း အစာတွေ မစားလာကြဘူး။ ဒါမျိုးက အခန့်မသင့်တော့ ဗိုက်အောင့်တာတွေ၊ ဘာတွေဖြစ်တာပေါ့”ဟု ၎င်းက ဆိုသည်။

ယင်း Micronutrient အားဆေးမှာ ကျန်းမာရေးဌာက အသိအမှတ်ပြုထားပြီး ဆေးသက်တမ်းမှာလည်း ၂၀၂၁ ခုအထိ ရှိသေးကြောင်း လောင်းလုံးဆေးရုံထံမှ သိရသည်။

Dawei Watch

ဓာတ်ပုံ - ကျော်သူစိုး


  • VIA