News

POST TYPE

LATEST NEWS POST

ရှမ်းမြောက်တွင် နွားတင်ကားများ ဆက်တိုက်ပစ်ခတ်ခံရ၊ သုံးဦး သေဆုံး
13-Aug-2019

လားရှိုး၊ သြဂုတ် ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေး- မူဆယ်သွား ပြည်ထောင်စုလမ်းတွင် သြဂုတ်လ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့တို့က ကျွဲ၊ နွားများ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုဖြစ်ပွားခဲ့ရာ အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ နံနက်ကလည်း လုံဝယ်ကျေးရွာအနီးတွင် နွားတင်ယာဉ်တစ်စီးပစ်ခတ်ခံရခဲ့ပြီး ယာဉ်မောင်းတစ်ဦး ကျည်ဆန်ထိမှန်သေဆုံးကာ ယာဉ်ပေါ်လိုက်ပါလာသူနွားထိန်းမှာလည်း ဒဏ်ရာပြင်းထန်သဖြင့် နောင်ချိုဆေးရုံသို့ တင်ပို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့်သြဂုတ်လ ၁၂ ရက်နေ့ကလည်း ပြည်ထောင်စုလမ်း၊ သီပေါမြို့နယ်၊ စံလောင်းကျေးရွာအနီးတွင် နွားများတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ယာဉ်ပေါ်ပါ အသက် ၂၈ နှစ်အရွယ် နွားထိန်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်မောင်းမှာကျည်ဆန်ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းတွင် ကျွဲ၊ နွား တင်ဆောင်လာသည့် ကုန်တင်ယာဉ်များကို လက်နက်ကိုင်များက မကြာခဏ ဆက်ကြေးကောက်ခြင်းနှင့် သေနတ်ဖြင့်ပစ်ခတ်ခြင်းတို့ကြောင့် လူသေဆုံးမှုများရှိနေသည်။

R-07