News

POST TYPE

LATEST NEWS POST

အမြန်ရေယာဉ်ပေါ်မှ အမျိုးသားတစ်ဦး ချင်းတွင်းမြစ်အတွင်း ခုန်ချ
24-Jul-2019
ကလေး၊ ဇူလိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်တွင် မုံရွာမြို့မှ ထွက်ခွာလာသော အမြန်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့် အမျိုးသားတစ်ဦး မြစ်အတွင်း ခုန်ချမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မင်းကင်းမြို့မရဲစခန်းမှ သိရသည်။

မုံရွာမြို့မှ ထွက်ခွါလာသည့် ရွှေနဒီအမြန်ရေယာဉ်အသင်းမှ ယာဉ်မောင်း ဦးဝင်းနောင် မောင်းနှင်သည့် အမြန်ရေယာဉ်ပေါ်မှ လူတစ်ဦးသည် ဇူလိုင်လ ၂၃ ရက်နေ့ နေ့လယ် ၃ နာရီ အချိန်ခန့်က မင်းကင်းမြို့နယ် စိုင်သေကျေးရွာနှင့်လျှော်ဖြူပင်ကျေးရွာ အကြားတွင် ကုန်းပတ်ပေါ်မှတဆင့် ချင်းတွင်းမြစ်အတွင်း ခုန်ချခဲ့ခြင်းဖြစ်သည်။

“အခုထိတော့ ရှာဖွေနေကြတုန်းပဲ။ မတွေ့သေးဘူး။ မြစ်ကြောင်းတစ်လျှောက်မှာတော့ ရှာဖွေမှုတွေ ဆက်လုပ်နေပါတယ်”ဟု ရှာဖွေကယ်ဆယ်ရေးတွင် ပါဝင်သူ မင်းကင်းမြို့ဒေသခံတစ်ဦးက ဆိုသည်။

ခုန်ချခဲ့သူမှာ ကလေးဝမြို့နယ်တွင် နေထိုင်သူ ကိုရွှေအောင် (၂၈) နှစ် ဖြစ်ကာ မြစ်ကြီးနားမြို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး ငှက်ဖျားရောဂါကြောင့် စိတ်မူမမှန်သဖြင့် ၎င်း၏ ဖခင်မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး အပြန်တွင်အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မင်းကင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

R-20


  • VIA