News

POST TYPE

LATEST NEWS POST

ဆော်ဒီက မြန်မာငါးတင်သွင်းရန်ရပ်ဆိုင်းမှု မေးခွန်းဖြေကြားစာများ ထပ်မံပေးပို့ထား
24-Jul-2019
ရန်ကုန်၊ ဇူလိုင် ၂၃

ဆော်ဒီအာရေဗျနိုင်ငံအနေနှင့် မြန်မာနိုင်ငံမှငါးတင်သွင်းမှုကို ရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်သို့ မေးမြန်းထားသည့်မေးခွန်းများကို ဖြေကြားထားသည့် စာများပေးပို့ထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်ထောက် အတွင်းဝန် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

“သူတို့ဘက်က မေးခွန်းတွေတော့ ထပ်လာတယ်။ အဲဒါတွေတော့ဖြေပြီး ထပ်ပို့ပြီးပြီ။ ဒီတစ်ခေါက်လာတဲ့ မေးခွန်းတွေက တို့ဌာနက ဖြည့်ရတာမဟုတ်တော့ဘဲနဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ FDA တို့က ဖြည့်ရတာမျိုးတွေ။ အဲဒါတွေကို ဖြည့်ပေးပါဆိုပြီး သူတို့ဘက်ကို ပြန်ပို့ထားပြီ”ဟု ၎င်းက ပြောဆိုသည်။

ယခင် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းကလည်း ဆော်ဒီက ငါးပြန်လည်တင်သွင်းရေးနှင့် ပတ်သက်သည့် မေးခွန်းလွှာများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံ ပေးပို့ခဲ့ပြီး ယခုအခါ ကျန်းမာရေးအပိုင်းနှင့် သက်ဆိုင်သည့်မေးခွန်းများ ဖြေကြားရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထံ ပေးပို့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ငါးတင်ပို့ခွင့် ပြန်လည်ရရှိရန် ဆော်ဒီအာရေဗျနိုင်ငံဘက်မှ ထူးခြားမှုမရှိသေးဘဲ နှစ်နိုင်ငံအကြား စာရွက်စာတမ်းများဖြင့်သာ အဆက်အသွယ်ပြုလုပ်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“ဆော်ဒီဘက်က ငါးတင်ပို့ခွင့် ပြန်ပေးဖို့ မြန်မာနိုင်ငံကိုလာစစ်ရင် ဒီဘက်မှာက အဆင်သင့်မဖြစ်သေးဘူး။ ဘာလို့လဲဆို ကြက်၊ ငါးတွဲမွေးတာတွေက အကုန်ရှိနေသေးတယ်။ ကြက်၊ ငါးတွဲမွေးရင် စာမေးပွဲကျမှာလေ။ စာမေးပွဲတော့ အကျမခံနိုင်ဘူး။ အဲဒါတွေအရင်ရှင်းရမယ့် သဘောရှိတယ်”ဟု မြန်မာနိုင်ငံ ငါး လုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောကြားသည်။

ဆော်ဒီအာရေဗျနိုင်ငံမှ ပတ်ဝန်းကျင်၊ ရေနှင့် စိုက်ပျိုးရေး ဝန်ကြီးဌာန၊ FDA အဖွဲ့နှင့် ငါးမွေးမြူရေးလုပ်ငန်း အဖွဲ့များမှ စစ်ဆေးရေးအဖွဲ့သည် ဗီယက်နမ်နိုင်ငံမှ ဆော်ဒီသို့ ငါး၊ ပုစွန် ရေထွက်ပစ္စည်းများတင်ပို့နေသည့် စက်ရုံ ၂၄ ရုံကို သွားရောက်စစ်ဆေးရာ သန့်ရှင်းမှုနှင့် ကိုက်ညီသည့် စက်ရုံ ၉ ရုံသာရှိသောကြောင့် ဗီယက်နမ်နိုင်ငံအပါအဝင် အခြားရေထွက်ကုန်များ တင်သွင်းလျက်ရှိသည့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့မှ ငါးတင်သွင်းခြင်းကိုပါ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က စတင်ရပ်ဆိုင်းထားခြင်းဖြစ်သည်။

J-11


  • VIA