News

POST TYPE

LATEST NEWS POST

သင်္ဃန်းကျွန်းမြို့နယ် NLD ရုံးရှေ့တွင် လက်ပစ်ဗုံးတွေ့
24-Jul-2019

ရန်ကုန်၊ ဇူလိုင် ၂၄

သင်္ဃန်းကျွန်းမြို့နယ်၊ မလိခအိမ်ရာဝင်းရှိ NLD ရုံးရှေ့တွင် ယနေ့ နံနက် ၆ နာရီက လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ လက်ပစ်ဗုံးကို စည်ပင်ဝန်ထမ်းတစ်ဦးက အမှိုက်လာသိမ်းစဉ် တွေ့ရှိခဲ့သည်။

“စည်ပင်ဝန်ထမ်းက လက်ပစ်ဗုံးကို စတွေ့တာ။ သူက ကိုင်ကြည့်လိုက်သေးတယ်။ နောက်မှ မသင်္ကာဖြစ်တာနဲ့ ပလက်ဖောင်းပေါ်မှာ လက်ပစ်ဗုံးကို တင်ထားခဲ့ပြီး အနီးအနားက လူတွေကို အသိပေးခဲ့တာ။ မြို့နယ်ရဲမှူးကိုယ်တိုင်ပဲ လက်ပစ်ဗုံးကို လာစစ်ဆေးပြီး သိမ်းသွားတယ်”ဟု NLD ရုံးအနီး နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

လက်ပစ်ဗုံးတွေ့ရှိသည့် နေရာအနီးတဝိုက်တွင် CCTV ကင်မရာများ တပ်ဆင်ထားသောကြောင့် လက်ပစ်ဗုံး လာရောက်စွန့်ပစ်သူကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရန် CCTV မှတ်တမ်းများကို လတ်တလော စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03