News

POST TYPE

LATEST NEWS POST

လက်ပံတန်းမြို့တွင် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းတစ်ဦး ဓာတ်လိုက်သေဆုံး
23-Jul-2019



တိုက်ကြီး၊ ဇူလိုင် ၂၃

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် လက်ပံတန်း မီးရထားဘူတာရုံတွင် ဇူလိုင် ၂၂ နေ့လယ် ၁ နာရီဝန်းကျင်က မီးရထားလျှပ်စစ်ကျွမ်းကျင် (၅) ဝန်ထမ်း အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးနေကြောင်း လက်ပံတန်းဘူတာရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ပံတန်းဘူတာရုံ လျှပ်စစ်ဌာနက တာဝန်ခံ ဦးထွန်းမြင့်က “အခန်းထဲမှာ တစ်ဦးတည်း ဓာတ်လိုက်ပြီး သေဆုံးသွားတာပါ ဘယ်အချိန်က ဖြစ်နေမှန်းမသိဘူး သူ့အခန်းကိုသွားပြီး ခေါ်ကြည့်တယ် ခေါ်မရဘူး အခန်းတံခါးကလည်း အတွင်းက ချက်ထိုးထားတယ် မှန်ကွဲတဲ့နေရာကကြည့်တော့ တုံးလုံးလဲနေတယ် ရေနွေးအိုးကျိုရင်း ဓာတ်လိုက်သေဆုံးသွားတာ ဖြစ်မယ်ထင်တယ်” ဟု မှတ်ချက်ပေးသည်။

အဆိုပါသေဆုံးသူသည် လက်ပံတန်းမြို့ ဘီးလင်းတန်းရပ်ကွက်နေ မြန်မာ့မီးရထား လျှပ်စစ်ကျွမ်းကျင် (၅) အဆင့်ရှိ ကိုအောင်မြင့် (၅၉) နှစ်သည် ကုတင်ခေါင်းရင်းဘက် ပြင်ပဒဏ်ရာမရှိဘဲ ဘေးစောင်းအနေအထားဖြင့် ဘယ်ဖက်လက်မောင်း ဂျိုင်းအောက် အပူလောင် အရည်ကြည်ဖုများထွက်၍ သေဆုံးနေသဖြင့် လက်ပံတန်း ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းသေဆုံးမှုဖြစ်စဉ်နှင့်ပတ်သက်၍ လက်ပံတမ်းမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၅/၁၉) နဲ့ အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

R-19