News

POST TYPE

LATEST NEWS POST

လမိုင်းငွေစုငွေချေးကိစ္စ ဖမ်းဆီးခံရသူများ ငွေပေးရ၍ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြား
22-Jul-2019

မော်လမြိုင်၊ ဇူလိုင် ၂၂

မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲတွင် လွန်ခဲ့သည့် မေလအတွင်းကဖြစ်ပွားခဲ့သည့် အွန်လိုင်းငွေစုငွေချေးပြဿနာတွင် ဖမ်းဆီးခံရသူ ၁၃ ဦး၏ မိသားစုဝင်များထံမှ ရဲတပ်ဖွဲ့က ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟုဆိုကာ မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီထံသို့ မိသားစုဝင်များက ဇူလိုင်လ ၂၂ ရက်နေ့က တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးခံရသည်မှာ ရက်ပေါင်း ၅၀ ခန့်ရှိနေပြီဖြစ်သော်လည်း အမှုမှာ ကြန့်ကြာနေကြောင်း၊ မိသားစုများမှ ငွေကြေးပေးဆောင်ရမှုများ ရှိနေသည့်အပြင်၊ ရုံးချိန်းအတွက် အခက်အခဲများရှိနေသည့်အတွက် ယင်းသို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသည်။

“ကျွန်မက အဖေရော ကလေးရော အဖမ်းခံထားရတယ်။ သားက ၁၅ နှစ်ပဲရှိသေးတယ်။ ဒီအမှုပေါ့လျော့အောင်ဆိုပြီး ရဲသားလေးတွေက ကျွန်မကို ငွေ နှစ်သိန်း သုံးသိန်းလောက် ရှာခိုင်းတယ်။ ကျွန်မတို့မှာ တစ်နေ့လုပ် တစ်နေ့စားဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ တောင်းပေးမယ့် မရှိလို့မပေးခဲ့ဘူး”ဟု တိုင်ကြားရာတွင်ပါဝင်သူ ဒေါ်အေးအေးနွယ်က ပြောဆိုသည်။

အလားတူ အခြားဖမ်းဆီးခံရသူများ၏ မိသားစုဝင်များကိုလည်း ငွေကြေးတောင်းခံမှုများရှိသော်လည်း အဆင်မပြေသည့် မိသားစုများမှာမူ ပေးစရာငွေ မရှိသည့်အတွက် မပေးဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ လူ ၁၃ ဦးကိုဖမ်းဆီးထားပြီး အသက်မပြည့်သေးသည့် ကလေးငယ်တစ်ဦးလည်းပါဝင်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ငွေစုငွေချေးကိစ္စရပ်နှင့်ပတ်သက်၍ တိုင်ကြားထားရာတွင် ပြစ်မှုဆိုင်ရာနှင့် တရားမမှုဟူ၍ နှစ်ပိုင်းတွေ့ရကြောင်း၊ ပြစ်မှုဆိုင်ရာတွင် သက်ဆိုင်ရာ ရဲစခန်းများက ခေါ်ယူဖမ်းဆီးထားသည့် ကိစ္စရပ်နှင့် ငွေကြေးပြန်လည်ရယူမှုတွင် ၎င်းတို့အနေနှင့် တရားမမှုနှင့် တရားရုံး၌ ၎င်းတို့လျှောက်ထားရမည်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊ အသနားခံစာ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်သူက ပြောဆိုသည်။

“ဒီနေ့ သူတို့လာတင်ပြတာက တော့ ပြစ်မှုကိစ္စမှာ အဓိက ဓားပြမှုနဲ့ ဖမ်းဆီးခံရတဲ့လူတွေ အပြစ်မရှိဘဲ ဖမ်းခံထားရတယ်။ နောက်တစ်ခုက ဖမ်းဆီးခံရသူကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကနေ ငွေရေးကြေးရေး တောင်းခံတယ်ဆိုတဲ့ ကိစ္စရပ်မျိုး”ဟု ၎င်းကဆိုသည်။

တိုင်ကြားထားသည်နှင့်ပတ်သက်၍ မိမိတို့ တိုင်ကြားစာကော်မတီအနေနှင့် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနများကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ငွေတောင်းတာမတောင်းတာတော့ ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့က အမှုတည်ဆောက်ပြီး တရားစွဲတာပဲရှိတယ်။ ဒီလောက်ရှုပ်ထွေးနေတဲ့ကိစ္စမှာ ဒီလိုပဲ အဖမ်းခံရတဲ့လူက ပြောတဲ့စကားက ဒီလိုပဲဖြစ်မှာပေါ့။ ပြည်သူအရပ်သားက ပြောတဲ့စကားကတစ်မျိုးပေါ့၊ ကျွန်တော်တို့က ကိုယ့်အလုပ်ကို လုပ်သွားကြတာပေါ့”ဟု ရေးမြို့နယ်၊ မြို့နယ်မှူး ရဲမှူးခင်ညိုက ပြောဆိုသည်။

R-21